မင်္ဂလာပါ…………….။
ဒီတစ်ပတ်အတွက်ကတော့ ကလေးရောလူကြီးတွေပါ အကြိုက်တွေ့စေမယ့် စားစရာလေး လုပ်ထားပါတယ်။ အဆာပြေပဲ စားစား ၊ ထမင်းနဲ့ပဲစားစား အရမ်းအရသာရှိတဲ့စားစရာလေးပါ။ ငါးဖယ်ရဲယိုရွက်လိပ်ပါ။ အသီးအနှံစုံလေး ထည့်လိပ်လေ ပိုစားကောင်းလေပါပဲ။ ရေညှိဖက်နဲ့လိပ်လို့ရသလို အလွယ်ရနိုင်တဲ့ ရဲယိုရွက်လေးနဲ့လည်း လိပ်လို့ရပါတယ်။
လိုအပ်တာတွေကတော့
ငါးဖယ်စစ်စစ် ၂၀သား
မုန်လာဥနီ ၁ဥ
ပဲရှည်သီး အနည်းငယ်
နံနံပင် အနည်းငယ်
ရဲယိုရွက် မနုမရင့် ၃ရွက်
ခရမ်းချဉ်သီး ၁လုံး
ကြက်သွန်ဖြူနီ နဲ့ ငရုတ်အပုမှုန့် အနည်းငယ်လိုအပ်ပါတယ်။
အရင်ဆုံးတော့ ငါးဖယ်ကို ဆား နနွင်း ငရုတ်အပုမှုန့်လေးထည့်ပြီး ထောင်းပါ။ ကြာကြာထောင်းလေ စားကောင်းလေပါပဲ။ ပြီးရင် ပဲသီးနဲ့မုန်လာဥနီကို အနေတော်လှီးဖြတ်ထားပေးပါ။ ကြက်သွန်ဖြူနီ ငရုတ်မှုန့်ကိုထောင်းထားပါ။
ပြီးရင်တော့ ငါးဖယ်ကို ပဲသီး မုန်လာဥနီလေးတွေနဲ့ သမအောင် နယ်ပါ။ ငရုတ်သီးထောင်းထားတာလေး အနည်းငယ် ထည့်ပါ။ နံနံပင်လေးကိုလည်း ပါးပါးလှီးထည့်ပြီး နာနာလေးနယ်ပါ။
ရေဆေးပြီး သန့်စင်ထားတဲ့ ရဲယိုရွက်ကို ခင်းထားတဲ့ပေါ်မှာ ငါးဖယ်ကို အထူအပါးညီအောင် ခင်းပါ။
အထူအပါးညီပြီဆိုရင်တော့ ခပ်ကျစ်ကျစ်လေးဖြစ်အောင် လိပ်ပါ။ အဲဒါမှ ပေါင်းတဲ့ အခါ အရွက်နဲ့ ငါးဖယ် ကွာမသွားမှာပါ။
ပြီးရင်တော့ ငါးဖယ်လိပ်ဆန့်တဲ့ ပန်းကန်တစ်ခုထဲ ထည့်ပါ။ အိုးထဲ ရေအနည်းငယ်ထည့်ပြီး ၈မိနစ်လောက် ပေါင်းပါ။
ငါးဖယ်လိပ် ကျက်ပြီဆိုရင် ခဏအအေးခံထားပါ။
အေးသွားပြီဆိုရင်တော့ အနေတော်လေး လှီးဖြတ်ပါ။ ဟင်းမချက်ဘဲ အစာပြေအနေနဲ့ ကြက်သွန်ဖြူဆီချက်လေးနဲ့ ဆမ်းစားရင်လည်း ရှယ်ပါပဲ။
ဟင်းစချက်ပါမယ်။ ထုံးစံအတိုင်း ဆီသတ်မယ်။ ခရမ်းချဉ်သီးလေးထည့်ပြီး ကျေအောင်ချက်ပါမယ်။
ပြီးရင်အစောက လှီးထားတဲ့ ငါးဖယ်လိပ်လေးတွေ ထည့်မယ်။ ရေမထည့်ရဘူးနော်။ အနှစ်လေးနဲ့ သမလောက်ရုံသာ ချက်ရမှာပါ။
အနှစ်နဲ့ ငါးဖယ်လိပ်လေးတွေ သမသွားရင်တော့ နံနံပင်လေးထည့်ပြီးရင် အရသာရှိတဲ့ ငါးဖယ်လိပ်ဆီပြန်လေး ရပါပြီ။
ဒါကတော့ ငါးဖယ်ရဲယိုရွက်လိပ်ဆီပြန်လေးပါ။ ငါးဖယ်လိပ်လေးကို ၀ါးလိုက်ရင် ရဲယိုရွက်ရဲ့ခါးဆိမ့် အရသာရယ် ပဲသီးနဲ့ မုန်လာဥနီရဲ့ အချိုဓာတ်ရယ်ကို ခံစားမိမှာပါ။
အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာ ဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။