နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုချစ်ကြည်ရင်းနှီးလာမှုအား ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ထုတ်ဖော်ပြောကြား

နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုချစ်ကြည်ရင်းနှီးလာမှုအား ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ထုတ်ဖော်ပြောကြား

 

ဒီဇင်ဘာ ၂ ။              ။ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပိုမိုရင်းနှီးချစ်ကြည်စွာ ဆက်ဆံနေနိုင်ပြီ ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ဖော်ပြောကြားသွားခဲ့ကြပါတယ်။

တရုတ်နိုင်ငံမှာ အလည်အပတ်ခရီးရောက်ရှိနေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ် ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးမှာ အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံမှာ အလည်အပတ်ခရီး ရောက်ရှိနေစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း မြို့တော် ပေကျင်းမှာ တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံစဉ်အတွင်း လက်ရှိ နိုင်ငံတကာမှာ လူပြောများနေတဲ့ မွတ်ဆလင်ဘင်္ဂါလီကိစ္စနဲ့ပတ်သက်လို့ နှစ်ဦးစလုံးက ဆွေးနွေးပြောဆိုသွားကြခြင်း မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

" တရုတ် ကွန်မြူနစ် ပါတီနဲ့ တရုတ်အစိုးရတို့ဟာ အရင်ကအတိုင်းပဲ မြန်မာအပေါ်မှာ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံတဲ့ မူဝါဒအတိုင်း ဆက်လက်ထားရှိ ဆက်ဆံသွားမှာဖြစ်ပါတယ်" ဆိုပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတနဲ့ တွေ့ဆုံမှုနောက်ပိုင်း ကွန်မြူနစ်ပါတီ CPC က ကျင်းပတဲ့ ကမ္ဘာ့ ပါတီများ အစည်းအဝေးမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

" တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုရင်းနှီးစွာ ဆက်ဆံသွားဖို့ ကတိပြုထားပြီးဖြစ်ပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ယင်းအပြင် တရုတ်ကွန်မြူနစ်ပါတီ၏ ရည်မှန်းချက်တွေဟာ တရုတ်ပြည်သူတွေ ပျော်ရွှင်စေဖို့နဲ့ နိုင်ငံ ပြန်လည်အားကောင်းလာစေဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှာဆိုရင်လည်း သူမရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ရည်မှန်းချက်များမှာလည်း ယင်းအလားတူအတိုင်းပင် ဖြစ်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

" ကျွန်မတို့ မြန်မာနိုင်ငံက ကမ္ဘာပေါ်က ချမ်းသာပြီး အားကောင်းတဲ့ နိုင်ငံတွေထဲမှာ မပါ၀င်သေးဘူးဆိုပေမယ့် အဲဒီလိုဖြစ်လာအောင် ရည်မှန်းချက်ထားလုပ်ဆောင်နေပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က CPC အစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။

" ကျွန်မတို့ရဲ့ ရည်မှန်းချက်က နိုင်ငံတကာအသိုင်းအဝိုင်းမှာ တာဝန်ခံမှု ရှိတဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်ဖို့ပါ၊ ကမ္ဘာတစ်ဝှမ်း ငြိမ်းချမ်း ချစ်ကြည် သာယာစေရေးအတွက် ပါ၀င်လုပ်ဆောင်ပေးလိုပါတယ်" လို့လည်း သူမက ထပ်လောင်းပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags