အဆိုတော် ချမ်းချမ်း ၏ “ သို့ ချစ်နေတုန်းပဲ” တေးအယ်ဘမ် ဒီဇင်ဘာလ ၉ ရက်တွင် ထွက်ရှိမည်

အဆိုတော် ချမ်းချမ်း ၏ “ သို့ ချစ်နေတုန်းပဲ” တေးအယ်ဘမ် ဒီဇင်ဘာလ ၉ ရက်တွင် ထွက်ရှိမည်

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ။          ။ အဆိုတော် ချမ်းချမ်း ၏ စတုတ္ထမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် ဖြစ်သည့် “ သို့ ချစ်နေတုန်းပဲ”  တေးအယ်ဘမ်ကို ဒီဇင်ဘာ ၉ ရက်တွင် M United Production မှ မြန်မာတစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိသွား တော့မည် ဖြစ်သည်။

“ သို့ ချစ်နေတုန်းပဲ”  တေးအယ်ဘမ် ထွက်ရှိမည့်အကြောင်း စာနယ်ဇင်းများ နှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဒီဇင်ဘာ ၁ရက်တွင် ရန်ကုန်မြို့ ၊ သင်္ကန်းကျွန်းမြို့နယ်ရှိ Soccer House Café ၌ ကျင်းပပြုလုပ်ခဲ့သည်။

တေးသီချင်း ၁၃ပုဒ် ပါ၀င်ပြီး အဆိုတော် ချမ်းချမ်း အတွက် တစ်နှစ်ခွဲ နှစ်နှစ် နီးပါး အချိန်ယူ လုပ်ထားသည့် တေးအယ်ဘမ် တစ်ခု ဖြစ်ကာ ပေါ့ပေါ့ပါးပါး သီချင်းပုံစံများပါ၀င်ပြီး Orchestra ပုံစံ တစ်ပုဒ် နှင့် ၎င်း သီဆိုနေကျ ပုံစံများလည်း ပါ၀င်မည် ဖြစ်သည်။

တေးရေး ဆရာများအဖြစ် တေးရေး ဓိရာမိုရ် ၊ အောင်ခြိမ့် ၊ အထွေး ၊ ကိုဂျီလေး ၊ DJ လင်းလင်း တို့မှ ပါ၀င် ရေးသား ပေးထားကြပြီး Featuring အဆိုတော် အနေဖြင့် အဆိုတော် စန္ဒီမြင့်လွင်က တစ်ပုဒ် ပါ၀င် သီဆို ပေး ထားသည်။

အဆိုတော် ချမ်းချမ်းသည် တစ်ကယ်ဆိုရင်အချစ်ပဲလိုတယ် ၊ အရမ်းချစ်တယ်အရမ်းမုန်းတယ် ၊ အိပ်မက် တေးအယ်ဘမ် တို့ကို ထွက်ရှိထားပြီး ယခု ထွက်ရှိမည့် သို့ တေးအယ်ဘမ် သည် ၎င်း၏ စတုတ္ထမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် ဖြစ်သည်။

ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားသည့် အဆိုတော် ချမ်းချမ်း သည် တစ်ကိုယ်တော် တေးအယ်ဘမ် အပြင် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို လည်း ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၁၈ ခုနှစ်ထဲတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။

ထို တစ်ကိုယ်တော် ဖျော်ဖြေပွဲတွင် မကြာမီ ထွက်ရှိတော့မည့်  “ သို့ ချစ်နေတုန်းပဲ”   တေးအယ်ဘမ် ထဲမှ တေးသီချင်းများ အပြင် ပရိသတ် အားပေးမှု ရရှိခဲ့ပြီး ပရိသတ် ကြိုက်နှစ်သက်ခဲ့သည့် တေးသီချင်းများကို သီဆိုရန် စီစဉ်ထားသည်။

အဆိုတော် ချမ်းချမ်း ၏ သို့ ချစ်နေတုန်းပဲ တေးအယ်ဘမ် ပရိုမိုးရှင်းပွဲကို ဒီဇင်ဘာလ ၉ ရက်တွင် ရန်ကုန်မြို့ လှည်းတန်းစင်တာ မြေညီထပ် ၌ ညနေ ၄နာရီ မှ ညနေ ရ နာရီအထိ လက်မှတ်ထိုး ဖျော်ဖြေပေးပြီး ရောင်းချ ပေးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly