ဒူတာတေး၏ မူဝါဒများကို ဆန့်ကျင်သောအားဖြင့် ဖိလစ်ပိုင် တက္ကသိုလ်ကျောင်းသားများ၏ အဝတ်ဗလာ ပြေးပွဲကမ်ပိန်း ပြုလုပ်

ဒူတာတေး၏ မူဝါဒများကို ဆန့်ကျင်သောအားဖြင့် ဖိလစ်ပိုင် တက္ကသိုလ်ကျောင်းသားများ၏ အဝတ်ဗလာ ပြေးပွဲကမ်ပိန်း ပြုလုပ်

 

ဒီဇင်ဘာ ၁ ။            ။ သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ မူဝါဒတွေနဲ့အတူ နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စစ်ပွဲတွေကို ဆန့်ကျင်တဲ့အနေနဲ့ ဖိလစ်ပိုင် တက္ကသိုလ်တစ်ခုက ကျောင်းသားတွေဟာ ယနေ့ ဒီဇင်ဘာ ၁ ရက်ကပဲ ကျောင်းဝင်းအတွင်း အဝတ်ဗလာ အပြေးကမ်ပိန်းတစ်ရပ်ကို လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ အဝတ်မဲ့ အပြေးကမ်ပိန်းကိုတော့ မြို့တော်  မနီလာရဲ့ အရှေ့မြောက်ပိုင်း Quezon မြို့က Diliman တက္ကသိုလ်မှာ စီစဉ်ပြုလုပ်တာဖြစ်ပါတယ်။

" အဝတ်ဗလာ ပြေးပွဲ" အမည်ရတဲ့ ယင်းကမ်ပိန်းရဲ့ နောက်ကွယ်မှာတော့ ပြင်းထန်တဲ့ လူမှုရေးနဲ့ နိုင်ငံရေး မက်ဆေ့ချ် တွေ ရှိနေတယ်လို့ သိရပြီး ယခုနှစ်မှာ ပေးထားတဲ့ ခေါင်းစဉ်ကတော့ " စစ်ပွဲတွေ ရပ်ဆိုင်းရေး၊ လူ့အသက်များ ကယ်ဆယ်ရေး" ဖြစ်တယ်လို့ သိရပါတယ်။

ယခု ကမ်ပိန်းမှာတော့ ယင်းတက္ကသိုလ်က ကျောင်းသားတွေ ပါ၀င်ဆင်နွှဲခဲ့ကြပါတယ်။ မျက်နှာမှာ အနီရောင်အစွန်းတွေ ပါတဲ့ မျက်နှာဖုံးအဖြူတွေကိုပဲ တပ်ဆင်ထားပြီး အဝတ်လုံ့ဝ မပါတဲ့ ကျောင်းသားတွေဟာ ကျောင်းစင်္ကြံအတိုင်း လျှောက်လှမ်းပြေးလွှားရင်း ယင်းကမ်ပိန်းကို ဆင်နွှဲခဲ့ကြပါတယ်။

ဒါ့အပြင် ဖက်ဆစ်ဝါဒ ကျရှုံးရေး၊ သတ်ဖြတ်မှုတွေ ရပ်ဆိုင်းရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စရေး၊ မာရှယ်လော ရုပ်သိမ်းရေး၊ မာရာဝီမြို့ ပြန်တည်ဆောက်ရေး စသည့် စာတမ်းများ ကိုင်ဆောင် လျှောက်လှမ်းပြေးလွှားခဲ့ကြတယ်လို့လည်း သိရပါတယ်။

၎င်းကျောင်းသားတွေရဲ့ ကမ်ပိန်းဆင်နွှဲမှုကိုတော့ အဖော် ကျောင်းသားကျောင်းသူအများအပြားက အားပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly