စာအုပ်ကို ဆန်ကာချပြီးမှဖတ်ပါ

 

ပြီးခဲ့တဲ့နေ့တုန်းကတော့ စာအုပ်တွေကို သေသေချာချာ စီစစ်ရွေးချယ်ပြီးမှ ဖတ်သင့်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒီကနေ့တော့ စာအုပ်တွေအကြောင်း မပြောတော့ဘဲ စာဖတ်သူတစ်ဦး ထားရှိသင့်ထားရှိထိုက်တဲ့ စိတ်အနေအထားကို ပြောချင်ပါတယ်။

ကျနော် ငယ်စဉ်က အတွေ့အကြံုတစ်ခုနဲ့ စချင်ပါတယ်။

ကျနော်ငယ်စဉ် ဆယ်တန်းကျောင်းသားဘဝတုန်းကပါ။ ကျနော်တို့အိမ်ကို မကြာခဏဆိုသလို ညအချိန််ရောက်ရင် ဖခင်ဖြစ်သူရဲ့ဓမ္မမိတ်ဆွေတွေ ရောက်လာလေ့ရှိပါတယ်။ ဗုဒ္ဓဓမ္မတရားနဲ့ပတ်သက်လို့ ၀ိုင်းစုပြီး စကားပြောတတ်ကြပါတယ်။ အဲသလိုအချိန်မျိုးဆိုရင် ကျနော်က ရေနွေးအိုးမပြတ်အောင် တည်ပေးပါတယ်။ မလှမ်းမကမ်း ဘေးနားကနေပြီး မယောင်မလည်နဲ့ နားစွင့်ထားလေ့ရှိပါတယ်။

တနေ့တော့ အဲဒီဝိုင်းထဲက ဦးလေးကြီးတစ်ယောက်က ကျနော့်ကို အကဲခတ်မိသွားပြီး  “မင်းကလည်း ထိုင်နားထောင်နေတာချည်းပဲ လုပ်နေတယ် မသိတာရှိ ၀င်ပြီးမေးပါက”ွ လို့ဆိုပြီး စကားဝိုင်းကို ဖွင့်ပေးပါတယ်။ ဖိတ်ခေါ်ပါတယ်။ ဒီတော့ ကျနော်လည်း အားရှိသွားပြီး နောက်တခါ စကားဝိုင်းဖြစ်တဲ့အခါကြတော့ အရင်တုန်းကထက် ပိုပြီး ရေနွေးအိုးတည်ပေး၊ လဘက်သုပ်ပေးနဲ့ တက်ကြွနေခဲ့ပါတယ်။

စကားဝိုင်းစလို့ တော်တော်လေးကြာတော့ အဲဒီလိုဖိတ်ခေါ်ခဲ့တဲ့ဦးလေးကြီးကပဲ “ကဲ မင်းလည်း သိချင်တာရှိ မရှင်းတာရှိရင် မေးလေကွာ”လို့ စကားစပါတယ်။ အဲဒီတော့ ဘာသာရေးစာအုပ် တစ်အုပ်နှစ်အုပ်လောက်သာဖတ်ထားပြီး ကိုယ်သိထားသလောက်ကိုပဲ အဟုတ်ကြီးထင်နေတဲ့ ကျနော်က ၊ တခါ ကိုယ့်ရှေ့မှာ ထိုင်ပြောနေကြတဲ့လူကြီးတွေရဲ့ပြောစကားတချို့က ကိုယ်သိထားတဲ့အချက်နဲ့ မတူတာတချို့ လွဲနေတယ်ထင်ပြီး ဒါ့အပြင် ဗုဒ္ဓတရားတော်ကို ထဲထဲဝင်ကလည်း မသိတော့ ဘာမပြောညာမပြော ရင်ဘတ်ကိုကော့ပြီး “ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတာ အခုဆိုရင် နှစ် သုံးဆယ်ကျော်ပါပြီ။ ဗိုလ်ချုပ်ရှိစဉ်က အသံဖမ်းစက်တို့ဘာတို့ဆိုတာ တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေးပါဘူး။ ဒါကြောင့်မို့ စနစ်တကျ မှတ်တမ်းတင်နိုင်ခဲ့ပုံမရဘူး။ ဗိုလ်ထွန်းလှလို ဗိုလ်ချုပ်အပါးတော်မြဲက ပြန်ရေးပြတာနဲ့ နည်းနည်းပါးပါး ဗိုလ်ချုပ်မိန့်ခွန်းအသံဖမ်းတာတချို့ကိုပဲ ကျနော်တို့က ဖတ်ကြရ နားထောင်ကြရတာ။ အခုဟာက ဗုဒ္ဓဘုရားပွင့်တော်မူတာ နှစ် ၂၀၀၀ ကျော်ပြီ။ ဗုဒ္ဓပွင့်စဉ်က စာအက္ခရာတောင်မှ မပေါ်သေးဘူးလို့ ပြောကြပါတယ်။ ဗုဒ္ဓပျံလွန်တော်မူပြီး နှစ် ၅၀၀ ရှိမှ အသောကမင်းက ဗုဒ္ဓရဲ့တရားတော်တွေကို ကျောက်ထက်အက္ခရာ တင်ရတာဆိုတော့ အဲဒီတရားတွေဟာ ခုအချိန်မှာ အားလုံးဘုရားဟောတာဆိုပြီး ယတိပြတ်ပြောလို့ ရနိုင်ပါ့လား” လို့ စတင်မေးချလိုက်ပါတယ်။ အဲဒီတော့ လူကြီးတွေအားလုံး ရုတ်တရက် ကြက်သေသေသွားကြရပါတယ်။ တချိန်တည်းမှာပဲ ဖခင်ဖြစ်သူဆီက စကားသံကြီး ကျနော် ကြားလိုက်ရပါတယ်။ “မင်း နောက်တခါ ဒီစကားမျိုးပြောရင် အိမ်ပေါ်က ချက်ချင်းဆင်းသွားရမယ်” တဲ့။ ဒါ စာရေးသူ တကယ်ကြံုခဲ့တာပါ။

အဲဒီတုန်းကတော့ ကိုယ့်အမှားကို အမှားတစ်ခုရယ်လို့ ရုတ်တရက် မသိခဲ့ပါဘူး။ ကိုယ့်စိတ်ထဲ ဘဝင်မကျတာကိုပဲ လိပ်ခဲတည်းလည်းဖြစ်နေတာမို့ မေးပုံမေးနည်းမဆင်မခြင် မေးလိုက်မိတာပါ။ တကယ်တော့ အခုအထိ ခံယူထားတဲ့အချက်က အဲသလို ဆန်းစစ်ဝေဖန်ချင်တဲ့စိတ်က လူငယ်တိုင်း ရှိသင့်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကာလံဒေသံ အက္ခာဓနံဆိုတဲ့အရာကို မသိခဲ့ဘူးလေ။ ဒါဘာကြောင့်ဖြစ်ရတာလည်းဆိုတော့ လေ့လာအားနည်းရာကနေပြီး ကို်ယ့်ကိုယ်ကို အထင်ကြီးတဲ့စိတ်၊ ကိုယ်သိထားတာလေးကိုပဲ အမှန်ဖြစ်တယ်ဆိုတဲ့စိတ်အခံကြောင့် ဖြစ်ခဲ့ရတာပါ။

တခါမက ကြံုဖူးတာလေးတွေလည်း ရှိပါတယ်။ တခါတော့ လာအိုနိုင်ငံကိုခရီးထွက်ဖူးတဲ့လူငယ်တစ်ယောက်က သူရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် လာပြပါတယ်။ လာအိုနိုင်ငံ အစိုးရနဲ့ပတ်သက်တဲ့ သူ့သဘောထားတချို့လည်းထည့်ရေးပါတယ်။ ရေးပုံသားပုံကတော့ ကျနော် မပြောတော့ပါဘူး။ ပါရှိတဲ့အကြောင်းအရာကိုတော့ ကျနော်က နည်းနည်းဖြည့်ပြောပေးပါတယ်။ အဲဒီအခါကြတော့ အဲဒီလူငယ်က ကျနော့်ကို သူ့ဆောင်းပါးလာပြတဲ့သဘောက သူ ရောက်ဖူးတယ်ဆိုတာရယ်၊ သူ သိတယ်ဆိုတာရယ်၊ သူရေးတတ်တယ်ဆိုတာကိုပဲ ပြချင် သိစေချင်လို့လာပြတာဆိုတာ သူ့အရိပ်အခြေအရ သိလိုက်ရပါတယ်။ ကျနော်က လာအိုနိုင်ငံရဲ့ အစိုးရအကြောင်းပြောရင် မျက်မှောက်လာအိုနိုင်ငံရဲ့ယေဘုယျသမိုင်းကိုတော့ တီးမိခေါက်မိစေချင်တယ်။ အနိမ့်ဆုံး လာအိုနိုင်ငံဟာ ယခုလက်ရှိအချိန်အထိ တစ်ပါတီအာဏာရှင်စနစ် ကျင့်သုံးတဲ့နိုင်ငံဖြစ်တယ်ဆိုတာလောက်တော့ သိစေချင်တယ်။ ပြီးတော့ လာအို ခေတ်သစ်သမိုင်းရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က လာအိုနိုင်ငံရဲ့ လွတ်လပ်ရေးကျိုးပမ်းမှုသမိုင်းမှာ ဘုရင့်သားတော်သုံးပါးက ဦးဆောင်ခဲ့ကြတဲ့အကြောင်း၊ ဒီ ဘုရင့်သားတော်သုံးပါးဟာ တစ်ဦးနဲ့တစ်ဦး နိုင်ငံရေးခံယူမှု မတူကြတဲ့အကြောင်း၊ တစ်ဦးက ကွန်မြူနစ်၊ တစ်ဦးက နယ်ချဲ့လက်ပါးစေ၊ နောက်တစ်ဦးကတော့ ဒီမိုကရက်တစ်တစ်ဦးဖြစ်ကြောင်း အစရှိတဲ့ အဲသလိုသမိုင်းခြေရာလောက်တော့ တီးမိခေါက်မိစေချင်တယ်။ ဒါမှ လက်ရှိအစိုးရအကြောင်း မှန်မှန်ကန်ကန် ပြည့်စုံစွာပြောနိုင် ရေးနိုင်မှာပါ။

အခြေအနေကိုကြည့်တော့ ဒိီသူငယ်ဟာ ကျနော် အနည်းငယ်ထောက်ပြအကြံပြုမယ့်ကိစ္စကို စိတ်ဝင်စားမှုမပြတာကို တွေ့ရလို့ ကျနော်လည်း အကြံမပြုပွဲ လွှတ်ပေးလိုက်ရပါတယ်။ သူ့အခြေအနေက သူသိတာ တတ်တာပဲ သိစေချင်ပြီး သူမသိတာကြတော့ ကျနော့်ကို အသိပေးဝန်ခံမှုမပြုချင်တဲ့သဘောနဲ့ သူ့ဆောင်းပါးကို မြန်မြန်ပြန်ယူသွားတဲ့သဘောလည်းဖြစ်နိုင်ပါတယ်။

ဒိီအတွေ့အကြံုနှစ်ခုကို ကြည့်ရင် ကျနော်တို့ ဘယ်လို သင်ခန်းစာယူလို့ရနိုင်သလဲ။

လူငယ်ဆိုတာ တက်ကြွထက်သန်တဲ့အရွယ်ဖြစ်ပါတယ်။ ခက်တာက သိသလောက်နဲ့လည်း အသေဆုပ်ကိုင်ထားတတ်ပါတယ်။ အဆိုးဆုံးနဲ့ အမှားဆုံးအကျင့်က မသိတာကို မသိဘူးလို့ ကိုယ့်ကိုယ်ကို မသုံးသပ်ချင်တဲ့အကျင့်ပါပဲ။

လူငယ်တွေ စာဖတ်ကြရပါတယ်။ စာဖတ်တဲ့အခါ ငါတို့ဟာ စာဖတ်တာ မကြာသေးဘူး၊ စာနည်းနည်းပဲဖတ်ရသေးတယ်၊ ဖတ်ပြီးသမျှစာတွေရဲ့အခြေအနေအမှန်ကိုလည်း မသိနိုင်သေးဘူး။ ဒါကြောင့်မို့ ငါတို့သိထားတာဟာ အကန့်အသတ်အင်မတန်နည်းသေးတယ်။ မလွဲမသွေ ထပ်ဖြည့်ကြရဦးမယ်။ မသိတာကို မသိဘူးလို့ သူများရှေ့မှာ ၀န်မခံချင်သည်ကထားလိုက်ဦး။ ကိုယ့်ကိုယ်ကိုတော့ ၀န်ခံတတ်ရ လက်ခံတတ်ရ သိထားတတ်ရမယ်။ ဒီစိတ် ဒီသတ္တိဟာ စာဖတ်ကာစလူငယ်တွေ စာစဖတ်ပါပြီဆိုကတည်းက အသိရှိရှိ သတိရှိရှိနဲ့ လက်ကိုင်ထားသင့်တဲ့့စိတ်ပါပဲ။ အဲဒီစိတ်အခံဟာ စာဖတ်တဲ့လူငယ်တစ်ယောက် အချိန်တိုတိုနဲ့ စာတွေ အများကြီး ဖတ်မိစေမယ့် အာမခံချက်ကြီးလည်းဖြစ်ပါတယ်။

အကယ်၍ စာတော့ဖတ်တယ် အထက်က ပြောခဲ့တဲ့စိတ် နည်းပါးမယ်ဆိုရင်တော့ ဘယ်လောက်ပဲစာတွေဖတ်ဖတ် အဲဒီလူငယ်ဟာ ဖတ်သလောက်အရာမထင်တဲ့အပြင် စာအုပ်တစ်အုပ်ထဲက စာရွက်တစ်ရွက်လောက်နဲ့ ရပ်တန့်နေတဲ့ လူငယ်တစ်ယောက်ပဲ ဖြစ်နေမှာပါပဲ။ ဘာပြုလို့လည်းဆိုတော့ သူဟာ သူသိထားတာ ပြည့်စုံတယ်၊ ဒါမှမဟုတ် သူသိထားတာ မပြည့်စုံသေးဘူးဆိုတာ သူ့ကိုယ်သူ မသိချင် မသိချင်ယောင်ဆောင်တဲ့လူငယ်၊ အသိပညာအရ မရိုးသားတဲ့ လူငယ်တစ်ယောက် ဖြစ်နေလို့ပါပဲ။ ဒီတော့ ဘယ်လို အကျိုးသက်ရောက်မှုဖြစ်စေသလဲဆိုတော့ အဲဒိီလူငယ်ဟာ လာအိုနိုင်ငံနဲ့ပတ်သက်တဲ့ ဗဟုသုတကို သူသိထားတာထက် ပိုပြီးမသိတော့ပဲ သိသလောက်နဲ့ရပ်သွားတဲ့သူဖြစ်စေတော့တာပဲပေါ့။

အနှစ်ချုပ်ကြည့်ပါမယ်။

လူငယ်တွေ စာဖတ်ကြရပါမယ်။ စီစစ်ရွေးချယ်မှုကို ပဓါနထားပြီးဖတ်ကြရပါမယ်။ စာတွေဖတ်နေရင်းက တကိုယ်ရေ ရိုးသားမှု ကြိုးစားမှု စိတ်အခြေခံနဲ့ဖတ်ကြရပါမယ်။

လူငယ်တွေ စာများများဖတ်နိုင်ကြပါစေ။ ရိုးသားစွာကြိုးစားပြီး စာဖတ်နိုင်ကြပါစေ။

စာအုပ်ကို ဆန်ခါချပြီးမှ ဖတ်ပါ ကိုအောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်- http://mizzimaburmese.com/article/34762

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly