အင်းဝအပ်ချုပ်ဆိုင်အမှုအား ဒီဇင်ဘာလ ၁၅ ရက်တွင် အပြီးသတ်အမိန့်ချမည်

အင်းဝအပ်ချုပ်ဆိုင်အမှုအား ဒီဇင်ဘာလ ၁၅ ရက်တွင် အပြီးသတ်အမိန့်ချမည်

အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး ၂ ဦး နှိပ်စက်ခံရသော အမှုအား ယနေ့ ရုံးထုတ်တွင် အပြီးသတ် လျှောက်လဲချက် တင်ခဲ့ပြီး လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ အပြီးသတ် အမိန့်ချမည် ဖြစ်သည်။

အိမ်အကူ မိန်းကလေးငယ်ဖြစ်သည့် မစန်းကေခိုင်တွင် ကိုယ်လက်အင်္ဂါချို့ယွင်းသည်အထိ နှိပ်စက်ခံခဲ့ရပြီး မသဇင်မျက်နှာတွင် ဒဏ်ရာရ အောင်ပြုလုပ်ခဲ့သည်ဟုဆိုကာ လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးမျိုးသိန်း တရားလိုလုပ် တိုင်ကြားခဲ့ခြင်းခြင်း ဖြစ်သည်။

အဆိုပါ အမှုအတွက်  ပြစ်မှုကျူးလွန်သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂နှင့် ကလေးသူငယ်ပုဒ်မ ၆၆(ဃ) တို့ဖြင့် အမှုဖွင့်ထားသည်။

အင်းဝအပ်ချုပ်ဆိုင်မှ ၆ ဦးအနက် ၄ ဦးဖြစ်သော ဒေါ်တင်သူဇာ၊ ဦးတင်မင်းလတ်၊ ကိုရာဇာထွန်းနှင့် မစုမွန်လတ် တို့ကို ကလေးသူငယ်ပုဒ်မ ၆၆(ဃ) ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီးဌာနမှ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်တွင် ကျောက်တံတားရဲစခန်း၌ စတင် အမှုဖွင့်ခဲ့သည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂တွင် ပုဒ်မ ၂၄ သည် ပြစ်ဒဏ် အနည်းဆုံး ၁၀ နှစ် အများဆုံး အနှစ်နှစ်ဆယ်ထိ ပြစ်ဒဏ်ချနိုင်ကာ ပုဒ်မ  ၃၂ သည် ပူးပေါင်းပါ၀င်မှုဖြစ်၍ ပုဒ်မ ၂၄ အတိုင်း ပြစ်ဒဏ်ချနိုင်သည်။

ကျောက်တံတားမြို့နယ် လမ်း ၄၀ ရှိ အင်းဝ အပ်ချုပ်ဆိုင်တွင်  ဆယ်ကျော်သက် အိမ်အကူ မိန်းကလေး နှစ်ဦးဖြစ်သည့် ၁၇ နှစ်နှင့် ၁၆ နှစ်အရွယ် မစန်းကေခိုင်၊ မသဇင်တို့ ဖြစ်ပြီး မစန်းကေခိုင်တွင် လက်ချောင်း ဆယ်ချောင်းကျိုးသည့် ဒဏ်ရာများ၊ ညာလက်မောင်းရိုးကျိုးဒဏ်ရာ၊  လည်ပင်းတွင် ကတ်ကြေးဖြင့် ထိုးထားသည့် ဒဏ်ရာ၊ အရေပြားပေါ်တွင် မီးရှို့ခံရသည့် ဒဏ်ရာများ ရရှိနေပြီး  မသဇင်၏ နှာခေါင်းပေါ်ရှိ အစင်းလိုက်ရှိနေသော ဒဏ်ရာသည် ဓားဖြင့် ခုတ်ထားခြင်းဖြစ်သည်။

အဆိုပါအမှု တစ်နှစ်ကျော်ကြာ ကြာပြီးနောက် ယခု အပြီးသတ်အမိန့်ချရန် ဒီဇင်ဘာလ ၁၅ ရက်သို့ ချိန်းဆို လိုက်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly