HIV ကူးစက်ခံရသော်လည်း မျှော်လင့်ချက်တွေ ရှိနေတယ်

HIV ကူးစက်ခံရသော်လည်း မျှော်လင့်ချက်တွေ ရှိနေတယ်

“ လေးနှစ်ကျော်သွားပြီ။ သားဒီကို၊ ရောဂါကူးတာကတော့ ဘယ်က ကူးမှန်း မသိဘူး။ မွေးစားအမေကနေ ဒီကို လာပို့ပေးသွားတာ”

ဒီစကားကို ဆိုလိုက်သူက အသက် ၅ နှစ်သားလောက်ကတည်းက အိတ်ဒ်စ်ရောဂါနဲ့ မိဘနှစ်ပါး ဆုံးပါးသွားခဲ့ရတဲ့ ၅ တန်းကျောင်းသား မင်းမင်း (အမည်လွှဲ)ပါ။ HIV ကူးစက်ခံနေရပေမယ့် သူကတော့ စိတ်ဓာတ်မကျဘဲ  လူတွေကို ကူညီချင်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

“ လူတွေကိုလိုက်ပြီး ကူညီထောက်ပံ့မယ်ပေါ့။ အင်ဂျင်နီယာကြီးတကယ်ဖြစ်ရင်၊ အိမ်မရှိတဲ့သူတွေကို အိမ်တွေ၊ ဘာတွေ ဆောက်ပေးမယ်။ ရည်မှန်းချက်တွေကတော့ အများကြီးထားထားတယ်” လို့ ကလေးငယ် မင်းမင်းက ပြောပါတယ်။

သူက ဒဂုံအရှေ့မှာရှိတဲ့ ခုခံအားကျဆင်းရောဂါကာကွယ်ရေးနဲ့ ကူညီစောင့်ရေးဂေဟာတစ်ခုမှာ နေထိုင်ပြီး ဒီဂေဟာမှာရှိတဲ့သူတွေထဲက တစ်ဝက်လောက်က ကလေးငယ်တွေဖြစ်ကာ အဲဒီကလေးတွေထဲက တစ်ဝက်ကျော်လောက်က HIV ကူးစက်ခံထားရပါတယ်။

ကလေးတချို့က မိဘတွေ ဒီရောဂါနဲ့ ဆုံးပါးသွားသူတွေလည်းရှိသလို တစ်ချို့ကတော့ ခိုကိုးရာမဲ့ မို့ ဒီမှာ လာရောက်ခိုလှုံနေကြတာပါ။ ဒါပေမယ့် သူတို့ရဲ့ဘဝကို အရှုံးမပေးဘဲ အနိုင်ယူဖို့၊ ကိုယ့်ထက် နိမ့်ကျသူတွေကို ကူညီဖို့ဆိုတဲ့ မျှော်လင့်ချက်တွေ သူတို့လေးတွေမှာ ရှိနေပါတယ်။

အဲ့ဒီဂေဟာမှာ ကလေး ၅၇ ယောက်နဲ့ လူကြီး အယောက် ၅၀ စုစုပေါင်း ၁၀၇ ယောက် ရှိပါတယ်။ အများစုကတော့ မိန်းကလေးတွေဖြစ်ပြီး ကလေးငယ်တွေထဲမှာ သူငယ်တန်းကစပြီး တက္ကသိုလ် တက်နိုင်တဲ့အထိ ကျောင်းစရိတ်တွေကို ဂေဟာကနေ ထောက်ပံ့ပေးထားပါတယ်။ အလှူရှင် များများစားစားမရှိဘဲ တချို့ အလုပ် လုပ်ကိုင်နိုင်တဲ့ လူကြီးပိုင်းတွေက လုပ်ငန်းခွင်သွားနေကြပြီးတော့ နေ့ခင်းဘက်မှာတော့ ကလေးတွေပဲ ရှိနေပါတယ်။

“ ဒီမှာပဲ ကျွန်တော်ကတော့ လူနာတွေနဲ့ ဒီကလေးတွေကပိုလာတဲ့အတွက် ကလေးတွေရဲ့ရှေ့ရေးအတွက် ပိုပြီးတော့ သွန်သင်ပေးချင်တယ်။ နောက်ထပ် ဘာလုပ်မယ်ဆိုတာ မရှိဘူး။ စိတ်ထဲမှာလည်း စိတ်မဝင်စား ဘူး။ လက်ရှိ ဒီမှာနေတဲ့ လူနာတွေနဲ့ ကလေးတွေနဲ့အတူ လျှောက်လှမ်းဖို့ပဲ သံဓိဌာန် ချထား တာပေါ့” လို့ HIV ကူးစက်ခံထားရပြီး ဒီဂေဟာကလူတွေနဲ့ပဲ မိသားစုသဖွယ်နေသူတစ်ဦးက ပြောပါတယ်။

သူကတော့ ဦးအောင်ကျော်လွင် ပဲဖြစ်ပါတယ်။ သူ ဒီကိုရောက်တာဆိုရင် ရ နှစ်လောက်ရှိပြီး ရောဂါ ဖြစ်တဲ့အချိန်မှာ ဂေဟာကို ရောက်ခဲ့တာဖြစ်ပြီး ညီကိုမောင်နှမတွေ သူ့မှာ ရှိပါသေးတယ်။ ဒါပေမယ့် အခုတော့ ဒီဂေဟာရဲ့ ဝေယျာဝစ္စတွေကို ပရဟိသမားပီပီ လုပ်ကိုင်ရင်း အနာဂတ် ရင်သွေးငယ်လေးတွေရဲ့ ပညာရေး၊ တိုးတက်ရေး၊ ကျန်းမာရေးတွေအတွက် သူ့ဘဝကို မြှုပ်နှံထားသူပါ။

အကြောင်းအမျိုးမျိုးကြောင့် HIV ကူးစက်ခံခဲ့ရပေမယ့် ဒီနေ့ဒီအချိန်မှာတော့ သူတို့က မိသားစုတစ်ခု ဖြစ်ခဲ့ပါပြီဆိုရင်လည်း မမှားပါဘူး။

ဒီရောဂါရရှိနေပေမယ့် သူတို့ဘဝအတွက် စိတ်ချမ်းသာတဲ့အပိုင်း၊ မျှော်လင့်ချက်တွေရှိနေတဲ့တွေ ရှိနေပါတယ်။ ဂေဟာမှာနေရင်း ဘဝအတွက် သူတို့ မျှော်လင့်ချက်တွေ ရှိနေဆဲပါပဲ။  ဒီရောဂါဆိုးကို အမွေဆက်ခံထားရပေမယ့်  အချိန်တိုင်းမျက်ရည်တွေနဲ့ ပြည့်နေတာမဟုတ်ပါဘူး။ ဘဝအတွက် မျှော်လင့်စရာတွေ သူတို့မှာရှိနေပါသေးတယ်။

ဒဂုံအရှေ့မှာရှိတဲ့ NLD ခုခံအားကျဆင်းမှုရောဂါကာကွယ်ရေးနဲ့ ကူညီစောင့်ရေးဂေဟာမှာ ရှိကြတဲ့ လူငယ်တွေကတော့ ကိုယ်ပိုင်ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ဘဝကို ဆက်လက်လျှောက်လှမ်း နေကြတုန်းပါ။ သူတို့အတွက် ART သောက်ဆေးတွေကို NGO အဖွဲ့တစ်ခုက တာဝန်ယူပေးထားပါတယ်။

World AIDS Day ကို တစ်ကမ္ဘာလုံးက ဒီဇင်ဘာလ ၁ ရက်နေ့ကို သတ်မှတ်ထားကြပါတယ်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်တုန်းက လူတွေ အသေအလဲ ကြောက်ရွံ့ခဲ့ကြတဲ့၊ လူရာမသွင်း ဖယ်ကြဉ်ထားခဲ့ကြတဲ့အပြင် မိသားစုကလည်း ပစ်ပယ်လိုက်ကြပါတယ်။ ဒီရောဂါကို လိင်မှတဆင့် ကူးစက်တယ်လို့ လူတွေက ရှောင်ဖယ်ခဲ့ကြပေမယ့် သွေးသွင်းမှားရာကဖြေစ်စေ၊ အခြားနည်းလမ်းနဲ့ ဖြစ်စေ ကူးစက်ခံခဲ့ကြရသူတွေလည်း ရှိပါတယ်။

ဒီ AIDS လို့ ခေါ်တဲ့ ခုခံအားကျဆင်းမှုရောဂါခံစားနေရသူတွေကို ဒီကနေ့မှာတော့ အားလုံးက နေရာပေး ဆက်ဆံလာကြပါပြီ။ ဒီလို ခွဲခြားမှုတွေကို ပယ်ဖျောက်ပြီး HIV အဆင့်မှာပဲ ART ဆေး သောက်သုံးရင် HIV positive မှတဆင့် အိတ်ဒ်စ်ရောဂါအဆင့်ထိ မဖြစ်အောင် တားဆီးကုသလို့ရနေပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly