လုပ်သား ၈ ဦးသေဆုံးခဲ့သော မင်းဘူးကျောက်မီးသွေးတွင်းပိုင်ရှင်ကို အမှုဖွင့်

လုပ်သား ၈ ဦးသေဆုံးခဲ့သော မင်းဘူးကျောက်မီးသွေးတွင်းပိုင်ရှင်ကို အမှုဖွင့်

ရန်ကုန်၊ နိုဝင်ဘာလ ၃ဝ ။            ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ငဖဲ-ရွှေစက်တော်ကားလမ်းအနီး လုပ်သား ၈ ဦးအထိသေဆုံးခဲ့သည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော  မင်းဘူးကျောက်မီးသွေးတွင်းအား ပိတ်သိမ်းလိုက်ကာ တွင်းပိုင်ရှင်နှင့် တာဝန်ခံတို့ အား အမှုဖွင့်အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် သတင်းထုတ် ပြန်သည်။

နိုဝင်ဘာလ ၂၇ ရက်၊ နေ့လည်ပိုင်းအချိန်ခန့်က ဟန်ထက် (၂) ကုမ္ပဏီပိုင် ကျောက်မီးသွေးတွင်းမှာ တွင်း အနက်ပေ ၃ဝဝ ခန့်ရှိ မြေအောက်တွင် ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် ကျောက်မီးသွေးတူးအလုပ်သမား အားလုံး(၈ဦး) သေဆုံးခဲ့သည်။

ထိုသို့ လူ ၈ ဦးထိသေဆုံးမှုဖြစ်ပွားခဲ့သဖြင့် ဟန်ထက် (၂) ကုမ္ပဏီပိုင်ရှင်ဦးချစ်ဟန်ဆိုသူနှင့် လုပ်ငန်းခွင်တာ ဝန်ခံ ဦးအောင်ကျော်လင်းတို့ ၂ ဦးကို  လူသေမှုဖြင့် အမှုဖွင့်အရေးယူထားသည်။အဆိုပါ ကျောက် မီးသွေးတွင်းကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပိတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်မီးသွေးတွင်းသည် တွင်းအနက်ပေ ၂ဝဝ မှ ၂၅ဝ အကြားရှိ ကျောက်မီးသွေးတွင်းဖြစ်ပြီး ဂလိုဏ်ဖောက်ကာ မြေသားနံရံ အထိန်းများတပ်ဆင်၍ အပိတ်တူးရသော  ကျောက်မီးသွေးတွင်း ဖြစ်သည်။

အဆိုပါ ကျောက်မီးသွေးတွင်းအတွင်း ပိတ်မိနေသူများ အသက်ရှင်ရန် အခွင့်အလမ်းနည်းပါးကြောင်း ဒေသခံအများစု က သုံးသပ်ခဲ့ကြပြီး ယခု ပိတ်မိသူအားလုံး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly