နိုင်ငံတကာရာဇဝတ်မှုခုံရုံး၏ အမိန့်ချမှတ်ပြီးချင်း စစ်ရာဇဝတ်တရားခံက အဆိပ်သောက်လိုက်ကာ သေဆုံး

နိုင်ငံတကာရာဇဝတ်မှုခုံရုံး၏ အမိန့်ချမှတ်ပြီးချင်း စစ်ရာဇဝတ်တရားခံက အဆိပ်သောက်လိုက်ကာ သေဆုံး

 

ဘော့စနီးယား၊ နိုဝင်ဘာ ၃၀ ။         ။ ၁၉၉၃ နှင့် ၁၉၉၄ ခုနှစ်များအတွင်း ဘော့စနီးယားတွင် ဖြစ်ပွားသော ခရိုအက်များနှင့် မွတ်စလင်များကြားက တိုက်ပွဲများတွင် မိုစတားမြို့၌ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဆိုသော ခရိုအက် စစ်ခေါင်းဆောင်တစ်ဦးသည် နိုင်ငံတကာရာဇဝတ်မှု သည်ဟိတ်တရားရုံးက အပြစ်ဒဏ်ချမှတ်လိုက်ပြီးချင်း ပါလာသည့် အဆိပ်ပုလင်းကို ထုတ်သောက်ကာ ကိုယ်ကိုကို အဆုံးစီရင်သွားခဲ့သည်။

 နိုဝင်ဘာ ၂၉ ရက်က စစ်ရာဇဝတ်တရားခံ ဆာလိုဘိုဒန် ပရေဂျက်အား သည်ဟိတ်တရားရုံးက အယူခံပယ်ချကာ အောက်တရားရုံး၏ ထောင်ဒဏ် နှစ်နှစ်ဆယ်ကို အတည်ပြု ချမှတ်လိုက်ခြင်းကြောင့် ၎င်းက အဆိပ် ထုတ်သောက်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

စစ်ရာဇဝတ်မှုတွင် အယူခံဝင်ထားကြသူ ခြောက်ဦးမှ တစ်ဦးဖြစ်သည့် ဆာလိုဘိုဒန် ပရေဂျက်သည် သည်ဟိတ်ရှိ HMC ဆေးရုံတွင် သေဆုံးကြောင်း၊ တရားရုံး အမိန့်ချပြီးနောက် ၎င်းသည် ပုလင်းလေး တစ်ပုလင်းကို ပါးစပ်တွင် တေ့ကာ မော့ချခဲ့ကြောင်း၊ ယင်းနောက်တွင် ဝေဒနာများ ခံစားရခြင်းပဲ ဖြစ်ကြောင်း တရားရုံးက ထုတ်ပြန်သည်။

ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်နေသည့် အဆိုပါ တရားရုံးကြားနာမှုတွင် တရားသူကြီး၏ အမိန့်ချမှတ်ပြီးချင်း ပရေဂျက်က "တရားသူကြီးများ၊ ဆာလိုဘိုဒန် ပရေဂျက်က ရာဇဝတ်သား မဟုတ်ဘူး။ အထင်သေးစရာ ဆုံးဖြတ်ချက်အဖြစ် ကျွန်တော် ဒီအမိန့်ကို ငြင်းပယ်တယ်။"ဟု ပရေဂျက်က ကိုယ်တိုင် ထလျှောက်လဲပြီးနောက် "ကျွန်တော့်မှာ အဆိပ်ပါလာတယ်။" ပြောဆိုလျက် မော့သောက်သွားခြင်း ဖြစ်သည်။

စစ်ရာဇဝတ်မှုအတွက် ထောင်ဒဏ် နှစ်နှစ်ဆယ်ကို တရားမမျှတဘူး ဖော်ပြလျက် ပရေဂျက်က ယခုကဲ့သို့ အဆုံးစီရင်သွားခြင်းပဲဖြစ်ကြောင်း ခရိုအေးရှား ဝန်ကြီးချုပ် အန်ဒရတ်ချ်ပလန်ကိုဗစ်က ပြောသည်။

"ပရေဂျက်အား အနီးရှိ ဆေးရုံ ပို့ပြီး ကုသသော်လည်း ၎င်းကို အသက်မမီတော့ကြောင်း။" တရားရုံး ထုတ်ပြန်ချက်က ဖော်ပြသည်။

ပရေဂျက်အပြင် ခရိုအက် နိုင်ငံရေးသမားနှင့် စစ်ခေါင်းဆောင် ငါးဦးကို ၂၀၁၃ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုဖြင့် ဖမ်းဆီးစွဲဆိုထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly