စည်းကမ်းမဲ့ လူအတင်အချလုပ်သော YBS ယာဉ်များကို ပြစ်ဒဏ်တိုးပြီး အရေးယူမည်

စည်းကမ်းမဲ့ လူအတင်အချလုပ်သော YBS ယာဉ်များကို ပြစ်ဒဏ်တိုးပြီး အရေးယူမည်
ရန်ကုန်မြို့တွင်း ပြေးဆွဲလျှက်ရှိသော YBS ကားများအား တွေ့ရစဉ်။ ဓာတ်ပုံ-ထူး

ရန်ကုန် ၊ နို၀င်ဘာ ၃၀ ။         ။ စည်းကမ်းမဲ့ လူအတင်အချ ပြုလုပ်နေသည့် YBS ဘတ်စ်ကားများအား ပြစ်ဒဏ်တိုးမြှင့်ပြီး အရေးယူရန် စီစဉ်ဆောင်ရွက်နေသည် ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောဆိုလိုက်သည်။

"အရေးယူခြင်းများကို ပိုမိုတိုးတက်လုပ်ဆောင်သွားပါမယ်။ ပြစ်မှုကျူးလွန်တဲ့ကားများကို ကုမ္ပဏီကားများဆိုရင် ကုမ္ပဏီများကို အရေးယူမယ့် ဒဏ်ကြေးတိုးမြှင့်ပြီးတော့ တစ်ဦးချင်းပိုင်ကားတွေမှ   ပြစ်မှုကျူးလွန်ရင် လိုင်းပြေးဆွဲခြင်းမှ ပိတ်သိမ်းသွားဖို့ ဆောင်ရွက်နေပါတယ်" ဟု ဒေါ်နီလာကျော်က ဆိုသည်။

ယနေ့ နို၀င်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့တွင် မရမ်းကုန်းမဲဆန္ဒနယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ မေးမြန်းမှုကို ဒေါ်နီလာကျော်မှ အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"YBS ယာဉ်လိုင်းမှ ခရီးသည်တင်ကားများသည် သတ်မှတ်မှတ်တိုင်တွင် ခရီးသည် အတင်/အချ မပြုလုပ်ဘဲ သင့်သလို စည်းကမ်းမဲ့ ခရီးသည်အတင်/အချ ပြုလုပ်နေခြင်းများအား မည်သို့ အရေးယူဆောင်ရွက်သွားမည် ကို သိရှိလိုသည်"  ဟု လွှတ်တော်ကိုယ်စယးလှယ် ဦးရန်ရှင်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ဇန်နဝါရီလမှ သြဂုတ်လအထိ မှတ်တိုင်တွင် မရပ်မှုကြောင့် တိုင်ကြားမှု ပေါင်း ၄၆၆ မှု၊ ၊ သတ်မှတ်နေရာမဟုတ်ဘဲ လူတင်လူချမှု ၆၇၃ မှု စစ်ဆေးတွေ့ရှိရခြင်းကြောင့် သက်ဆိုင်ရာ ယာဉ်လိုင်းများနှင့် ကုမ္ပဏီများကို အကြောင်းကြားပြီး အရေးယူခဲ့သည်ဟု ဒေါ်နီလာကျော်၏ လွှတ်တော်တွင်း ဖြေဆိုချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly