ချိုင်းထောက်နှင့် လူကို မွတ်စလင်တစ်ဦး တိုက်ခိုက်သည့် ဗီဒီယို ထရမ့်က တွစ်တာတွင် ပြန်ဖြန့်ရာမှ ဗြိတိန်နှင့် အချင်းများ

ချိုင်းထောက်နှင့် လူကို မွတ်စလင်တစ်ဦး တိုက်ခိုက်သည့် ဗီဒီယို ထရမ့်က တွစ်တာတွင် ပြန်ဖြန့်ရာမှ ဗြိတိန်နှင့် အချင်းများ

 

ဝါရှင်တန်၊ နိုဝင်ဘာ ၃၀ ။                 ။ ဗြိတိန်နိုင်ငံက လက်ယာစွန်းနိုင်ငံရေးပါတီအုပ်စုဖြစ်သည့် Britain First အုပ်စုက တွစ်တာတွင် တင်ထားသော မွတ်စလင်ဆန့်ကျင်သည့် ဗီဒီယို သုံးဖိုင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရီတွစ်လုပ်ကာ ပြန်လည်မျှဝေခြင်းကြောင့် ပြင်းပြင်းထန်ထန် ရှုတ်ချမှုများ ရင်ဆိုင်နေရသည်။

အိမ်ဖြူတော်က ထိုအရေးကို ဖြေရှင်းရာတွင် နယ်စပ်နှင့် လုံခြံုရေး ခိုင်မာစေရေး သမ္မတ၏ မူဝါဒတစ်စိတ်အပိုင်းအရသာ ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းသည်။

Britain First က တွစ်တာတွင် တင်ထားသော ဗီဒီယိုဖိုင်တစ်ခုတွင် ချိုင်းထောက်နှင့် လူတစ်ဦးကို ရွှေ့ပြောင်းဝင်ရောက်သော မွတ်စလင်တစ်ဦးက တိုက်ခိုက်နေသည့် ဗီဒီယိုဟု ဆိုကာ တင်ထားခြင်းဖြစ်သည်။

 ဒေါ်နယ်ထရမ့်က ထိုဗီဒီယိုဖိုင်များ ပြန်လည်ရီတွစ်လုပ်ခြင်းကြောင့် British First အုပ်စု၏ အမုန်းပွားသော တင်ဆက်မှုများကို မှားယွင်းစွာ အားပေးအားမြှောက်ပြုခြင်းပဲဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပြောခွင့်ရှိသူမှတစ်ဆင့် ထုတ်ပြန်ပြောဆိုသည်။

“ထရီဆာမေ၊ ကျွန်တော်အပေါ် ပစ်မှတ်ထားမနေပါနဲ့။ ဗြိတိန်နိုင်ငံတော်အတွင်း ရောက်နေပြီဖြစ်တဲ့ ဖျက်ဆီးလှိုက်စားမယ့် အစွန်းရောက် အစ္စလာမ်အကြမ်းဖက်ဝါဒကိုပဲ ပစ်မှတ်ထားပါ။ ကျွန်တော်တို့ကတော့ ကောင်းကောင်းလုပ်နိုင်ပါတယ်။”ဟု ထရမ့်က တွစ်တာကနေ ပြန်လည်တုံ့ပြန်ရေးသားခဲ့သည်။

ဗီဒီယိုဖိုင်တွင် တိုက်ခိုက်မှု ကျူးလွန်သူအား ရွှေ့ပြောင်းမွတ်စလင်ဟု အတည်ပြုထားခြင်းက အချက်အလက်မခိုင်ကြောင်း ပြောဆိုမှုများ ရှိပြီး နယ်သာလန်ပြည်သူ့တရားရေးဝန်ဆောင်မှုက ဘီဘီစီသို့ ပြောရာတွင် တိုက်ခိုက်မှုကြောင့် ဖမ်းဆီးထားသူမှာ နယ်သာလန်တွင် မွေးဖွားသူသာ ဖြစ်ပြီး ရွှေ့ပြောင်းဝင်ရောက်လာသူမဟုတ်ကြောင်း ပြောထားသည်။

ဝါရှင်တန်ဒီစီရှိ နယ်သာလန်သံရုံးကလည်း တိုက်ခိုက်သူက နယ်သာလန်တွင် မွေးဖွားသူတစ်ဦးသာဖြစ်ကြောင်းကို တွစ်တာတွင် အတည်ပြုတင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly