လမ်းဘေးစျေးသည်များကို ပြောင်းရွှေ့နေရာချပေးမည့် ၅၂ လမ်းစျေးတန်း မီးဆင်ပြီးမှ ဖွင့်နိုင်မည်

လမ်းဘေးစျေးသည်များကို ပြောင်းရွှေ့နေရာချပေးမည့် ၅၂ လမ်းစျေးတန်း မီးဆင်ပြီးမှ ဖွင့်နိုင်မည်

ရန်ကုန်၊နိုဝင်ဘာ၂၉ ။            ။ ပုဇွန်တောင်မြို့နယ်အတွင်းရှိ လမ်းဘေးစျေးသည်များကို ပြောင်းရွှေ့နေရာချပေးမည့် (၅၂)လမ်းစျေးတန်း ဖွင့်လှစ်မည့်အချိန်ကို အတိအကျမပြောနိုင်သေးသော်လည်း လျှပ်စစ်မီးဆင်ပြီးပါက ဖွင့်လှစ်သွားမည်ဟု ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောသည်။

"အခုချိန် ဒီနေရာမှာ ဖွင့်လိုက်ရင် မရဘူးလားဆိုတော့ အခုလည်းဖွင့်လို့တော့ရတာပါပဲ။ ဒါပေမယ့် ခုနကလို စနစ်တကျတော့ မဖြစ်ဘူးပေါ့နော်။  တစ်ခါတစ်လေကျရင်စဉ်းစားတာပေါ့။ ဒီတိုင်းပဲဖွင့်မလားဆိုပြီးတော့ ညကပါနေတဲ့အတွက် အလင်းရောင်ရအောင် ဦးခင်မောင်ဝင်း(ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ) က မီတာလျှောက်ချင်တယ်ဆိုလို့ မီတာ လျှောက်ပြီးတော့ မီးဆင်တဲ့အချိန်စောင့်နေတာပေါ့နော် ။ အဲဒီအပိုင်းကိုဆက်လုပ်နေပါတယ် အဲဒါပြီးရင် တော့ဖွင့်ဖြစ်မှာပါ"ဟု ပုဇွန်တောင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောသည်။

အဆိုပါ(၅၂)လမ်းစျေးသည် ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် အနော်ရထာလမ်းနှင့် ဗိုလ်ချုပ် လမ်းထောင့်တွင် တည်ရှိပြီး ယခင်က ဇူလိုင် တွင် ဖွင့်လှစ်ရန် မျှော်မှန်းထားသော်လည်း စက်တင်ဘာ၊ အောက်တိုဘာမှ ယခု ထပ်မံရွှေ့ဆိုင်းခြင်း ဖြစ်သည်။

(၅၂)လမ်းစျေးမှာ တရားဝင် မဖွင့်လှစ်သေးသော်လည်း ၄င်းနေရာသို့ ပြောင်းရွှေ့ရောင်းချနေသည့် ဆိုင်များ လည်း ရှိနေသည်။

"အရင်က ဒီကားဂိတ်မှာရောင်းတာ ။ အဲဒီကနေဒီဘက်ကိုရွှေ့လာတာ ဒီမှာတင်ပဲ  ရ နှစ် လောက်ရှိပြီ။ ကျွန်မ ရောင်းတာ"ဟု မုန့်ဟင်းခါးရောင်းသူ မခင်မျိုးဝေက ပြောသည်။

၅၂ လမ်း ညစျေးတန်းတွင် အမိုးအကာများ တပ်ဆင်ပေးထားပြီး  ၈ ပေပတ်လည် ဆိုင်ခန်းပေါင်း ၁၃၈ ခန်း ပါဝင်ကာ  ဆိုင်ခန်းများကို မနက် နှင့် ညနေ အချိန် ခွဲကာ ရောင်းချရန် စီစဉ်ထားသည်။ အဆိုပါ  ၅၂ လမ်း စျေးတွင် အစားအသောက်စျေးသည်များ၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးစျေးသည်များက နံနက် ၆ နာရီမှ နေ့လည် ၁၁ နာရီအထိ နှင့် မွန်းလွဲ ၃ နာရီမှ ည ၁၁ နာရီအထိ အစားအသောက်စျေးသည်များက ရောင်းချ သွားမည်ဖြစ်သည်။

လက်ရှိ ရန်ကုန်မြို့တွင် ၅၂ လမ်းစျေးအပြင် ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းပဲတန်းမြို့နယ်တို့ ပူးပေါင်းကာ ကမ်းနားလမ်းတစ်လျှောက် ညစျေးတန်းပါ ရှိနေသေးသည်။

အဆိုပါ ၅၂ လမ်းစျေးကို ပြုလုပ်ရန် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က စတင် အကြံုပြုခဲ့ခြင်း ဖြစ်သည်။

ဆိုင်ခန်းများအတွက် ရေ၊ အိမ်သာ၊ စလိုက်မီးကြီးနှစ်ခုနှင့် စီစီတီဗီ(၁၅)လုံးတပ်ဆင်ထားပြီးဖြစပြီး ယခု လျှပ်စစ်မီးချောင်းများ တပ်ဆင်ရန် မီတာလျှောက်ထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly