ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကိုင်တွယ်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်လွှဲလိုက်ပြီ

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကိုင်တွယ်ရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်လွှဲလိုက်ပြီ
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသည့် ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အုပ်ချုပ်ရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးများဆောင်ရွက်ရန် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်ဇော်နိုင်အား သြဂုတ် ၁၈ ရက်နေ့မှစ၍ တာဝန်လွှဲအပ်လိုက်ပြီဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၃ (ခ) နှင့် အရ ဆက်လက်အပ်နှင့်ထားသော လုပ်ပိုင်ခွင့်အားကျင့်သုံး၍ တာဝန် လွှဲအပ်ခြင်းဖြစ်သည်ဟု လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ 'စစ်အုပ်ချုပ်ရေးကြေညာချက် အမှတ် (၂)' ဖြင့် သြဂုတ် ၁၈ ရက်၌ ထုတ်ပြန်သည်။

သမ္မတဦးသိန်းစိန်၏ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၆/ ၂၀၁၅ "စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ခြင်း" အရလည်းဖြစ်သည်။

သြဂုတ် ၁၈ ရက်စွဲဖြင့်ပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်မှတ်ဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ 'စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၃/ ၂၀၁၅' ကိုလည်း ထုတ်ပြန်ခဲ့သည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီမှုဖြင့် စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြီး စစ်နယ်မြေများသတ်မှတ်၍ စစ်နယ်မြေမှူးများကို ခန့်ထားနိုင်သည်။ ထို့ပြင် စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်းနိုင်သည်။

စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသဆိုင်ရာမာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်သည်လည်း ဗိုလ်မှူးကြီးဇော်ဇော်နိုင်၏ ကွပ်ကဲမှုကို ခံယူရမည်ဖြစ်သည်။

တာဝန်လွှဲခံရသည့် ဗိုလ်မှူးကြီးဇော်ဇော်နိုင် ကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့်သော်လည်းကောင်း၊ တာဝန်လွှဲအပ်သောပုဂ္ဂိုလ်တဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော်လည်းကောင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ဆောင်ရွက်ရမည်ဖြစ်သည်။

ဗိုလ်မှူးကြီးဇော်ဇော်နိုင်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေးလုပ်ငန်းများအဖြစ် လုံခြုံရေး၊ လူမှုရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး စသည့်အရေးများကို ကိုင်တွယ်ရမည်။

'စစ်အုပ်ချုပ်ရေးကာလ' သြဂုတ် ၁၈ မှ နိုဝင်ဘာ ၁၇ ရက်နေ့အတွင်း ပြစ်မှုဆိုင်ရာမှုခင်းများကို တည်ဆဲဥပဒေအရ ဖွဲ့ထားသည့် တရားရုံးများဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီးဖွဲ့သည့် စစ်ခုံရုံးများဖြင့်ဖြစ်စေ စစ်ဆေးစီရင် နိုင်သည်။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာမှုခင်းများကို အကျဉ်းနည်းဖြစ်လည်း စစ်ဆေးနိုင်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ခုံးရုံးများ၏ ဆုံးဖြတ်နှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်သော်လည်း သေဒဏ်စီရင်မည်ဆိုပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အတည်ပြုချက်ယူရမည်ဖြစ်ပြီး၊ နှစ်အကန့်အသတ်မရှိထောင်ဒဏ်ပေးမည်ဆိုလျင် ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၏ အတည်ပြုချက်လိုအပ်သည်။ အတည်ပြုခြင်းနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးရာတွင် ပြစ်မှုထင်ရှားစီရင်မှုကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်လျော့ပေးခြင်း၊ ပြစ်ဒဏ်ကို ပိုနိမ့်သော ပြစ်ဒဏ် အမျိုးအစားသို့ လျောပေါ့ပြောင်းလဲခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်းတို့ ပြုနိုင်သည်။ စစ်ခုံရုံးများ၏ ဆုံးဖြတ်နှင့် ပြစ်ဒဏ်ချမှတ်ချက်များကို အယူခံပိုင်ခွင့်မရှိပါ။

စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်သည့်နေ့မှ (၁၅) ရက်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံသို့လည်းကောင်း၊ အခြားပြစ်ဒဏ်ဆိုပါက ပြစ်ဒဏ်ချမှတ်သည့်နေ့မှ (၁၅) ရက်အတွင်း ဗိုလ်မှူးကြီးဇော်ဇော်နိုင်ထံသို့ ပြင်ဆင်မှု လျှောက်ထားနိုင်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် ဗိုလ်မှူးကြီးဇော်ဇော်နိုင်သည် ၎င်းတို့၏ သဘောအလျောက်လည်း ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်နိုင်သည်။

၎င်းတို့၏ သဘောအလျောက် ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်ရာတွင်မူ အတည်ပြုခြင်းနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်များနှင့် တူညီသည့်လုပ်ပိုင်ခွင့်များသာမက ပြစ်ဒဏ်ကို တိုးမြှင့်နိုင်မှာလည်းဖြစ်သည်။

ဗိုလ်မှူးကြီးဇော်ဇော်နိုင်သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို တပ်တော်ကာကွယ်ရေးဦးစီးချုပ်သို့ အစီရင်ခံရမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly