စိုးရိမ်သော မိဘများအနေဖြင့် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအား ဆရာဝန်နှင့်တိုင်ပင်ထိုးသင့်ဟု ဆို

စိုးရိမ်သော မိဘများအနေဖြင့် ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးအား ဆရာဝန်နှင့်တိုင်ပင်ထိုးသင့်ဟု ဆို
ဓာတ်ပုံ - Unicef Myanmar

 

ရန်ကုန်၊ နိုဝင်ဘာလ ၂၉ ။                 ။ ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပေးရာမှ သေဆုံးသူနှင့် မူးဝေအော့အန်သည့် ကလေးငယ်အချို့ ရှိနေသည့်အတွက် စိုးရိမ်သောမိဘများအနေဖြင့် ကလေးအထူးကုဆရာဝန်များနှင့်တိုင်ပင်ပြီးမှ ထိုးသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင်က မဇ္စျိမသို့ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပေးခြင်း အစီအစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ သေဆုံးသူ ကလေးငယ် ၃ ဦးရှိကာ မူးဝေအော့ အန်သည့် ကလေးငယ် ၂၉ ဦး အထိရှိခဲ့သည်။

“အခုကာကွယ် ဆေးထိုးပြီးတဲ့ ၈ သန်းကျော်ကျော် ကလေးတွေတော့ နေကောင်းကြပါတယ်။ အခုလိုဖြစ်သွား ကလည်း တိုက်ဆိုင်မှုပေါ့။ ကာကွယ်ဆေးအားဖြင့်ကတော့ စိတ်ချရတယ်ဆိုပြီးတော့ တခြားနိုင်ငံတွေမှာလည်း ကလေးငယ် သန်း ၄ဝဝ လောက်ထိုးပြီးပြီ။ အဲ့ဒီတော့ စိုးရိမ်နေပေမယ့် ကာကွယ်ဆေးထိုးချင်မိဘတွေအနေနဲ့ စိတ်မချဘူးဆိုရင်ကလေး အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ထိုးပါလို့ အကြံပြုချင်ပါတယ်”ဟု ဦးသန်းထွန်း အောင်က ပြောသည်။

အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားလာလျှင် ကုသရခက်ခဲကာ ၃ ပုံ ၁ ပုံခန့် သေဆုံးနိုင်ပြီး ၃ ပုံ ၂ ပုံခန့်မှာ ဦးနှောက်အာရုံချို့တဲ့ကာ ဆိုးကျိုးများသာဖြစ်နိုင်ကြောင်း ဦးသန်းထွန်းအောင်က ဆက်ပြောသည်။

“မိဘများကို ကျွန်တော်ပြောထားပြီးသားပေါ့။ ဟို မထိုးမနေရ သတ်မှတ်မထားဘူး။ မိမိဆန္ဒအရပဲ ထိုးပါ။ ကျွန်တော်တို့ကတော့ မိဘဆန္ဒအရပဲ ထိုးပေးပါမယ်။ ကာကွယ်ဆေးထိုးပေးတာက ရောဂါကတော့ ဖြစ်လာရင် ကုသရခက်တယ်။ သုံးပုံ တစ်ပုံက အသက်ဆုံးရှုံးနိုင်တယ်။ သုံးပုံနှစ်ပုံက ဦးနှောက်အာရုံချို့ တဲ့ပြီးတော့မှ ဒုက္ခိတဖြစ် နိုင်တယ်။ အဲ့ဒီတော့ ကာကွယ်ဆေးဖြင့်သာ ကာကွယ်လို့ရတယ်။ ဖြစ်လာရင်တော့ မကာကွယ် နိုင်ဘူးပေါ့ဗျာ။ အဲ့ဒီတော့ ဆိုလို့တဲ့သဘောကတော့ ကာကွယ်ချင်ရင်တော့ ကာကွယ်ဆေးကြိုတင်ထိုးခြင်း ကလွဲ၍ တခြား နည်းလမ်းမရှိဘူး။ နောက်တစ်ခုက ခြင်ကိုက်မခံရအောင်ပဲ ကြိုးစားရမှာပေါ့လေ”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားမှုမှာ နှစ်စဉ် ဦးရေ ၆ဝဝဝ ကျော်ရှိပြီး သေဆုံးသူ ဦးရေ ၃ဝဝ ကျော်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဂျပန်ဦးနှောက် ရောင်ရောဂါဖြစ်ပွားနိုင်ခြေများကြောင်း သိရသည်။

“သူက ကုသတဲ့စာရင်းမရှိဘူး။ သူက ကုသရင်လည်း လက္ခဏာပြမှပဲ ကုသရ တယ်ဆိုတော့။ သုံးပုံနှစ်ပုံ လောက်က စကားပြောတာ မတိကျတာတွေ၊ မပီတာတွေ၊ အကြောဆွဲတာတွေ၊ နောက် အတက်ရောဂါတွေ ဖြစ်ပွားတာတွေရှိတယ်။ ဒီရောဂါ ဆိုးကျိုးကတော့ များတယ်” ဟု ဦးသန်းထွန်းအောင်က ပြောသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာစာသင်ကျောင်းများတွင် ဂျပန်ဦးနှောက်ရောင် ကာ ကွယ်ဆေးထိုးပေးပြီးသည့် ကလေးငယ် ၈ သန်းကျော်ထိ ရှိပြီး ထပ်မံ၍ လာမည့် ဒီဇင်ဘာလတွင်လည်း ၁၁ ရက်မှ ၂ဝ ရက်နေ့ထိ ရပ်ကွက်၊ ကျေးရွာအခြေပြုအဖြစ် ကလေးငယ် ၅ သန်းကျော်ကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထပ်မံထိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးမှုအချို့နှင့် မူးဝေအော့အန်မှုတစ်ချို့ရှိနေသည့်အတွက် ကလေးငယ်များဆေးထိုးပြီး၍ အရေးပေါ် အခြေအနေဖြစ်ပေါ်ပါက ဖြေဆေးများထိုးပေးနိုင်ရန် ကာကွယ်ဆေးထိုးပေးသည့် ဆရာ၊ ဆရာမ များတွင် ဖြေဆေးများ အလုံအလောက်ပြင်ဆင်ပေးထားပြီး သက်ဆိုင်ရာမြို့နယ်ဆရာဝန်များ၊ ကလေးအထူး ကုဆရာများကိုလည်း တာဝန်များအဆင့်ဆင့်ညွှန်ကြားထားကာ အချိန်မီကုသမှုပေးနိုင်ရန် စီစဉ်ထားပြီဖြစ် ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly