ပျဉ်းမနားမြို့ရှိ လူသွားလူလာများသောနေရာများတွင် ကားတာယာအမှိုက်ပုံးများ ထားရှိမည်

ပျဉ်းမနားမြို့ရှိ လူသွားလူလာများသောနေရာများတွင် ကားတာယာအမှိုက်ပုံးများ ထားရှိမည်

 

နေပြည်တော်၊ နိုဝင်ဘာ ၂၉ ။            ။ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူစည်ကားသော နေရာတွင် ကားတာယာအဟောင်းများဖြင့်   ပြုလုပ်ထားသော အမှိုက်ပုံးများကို  ထားရှိပေးမည် ဖြစ်ကြောင်း မျှဝေသောလက်များအသင်းမှ အမှုဆောင် ဦးကျော်သူရက မဇ္ဈိမသို့ ပြောသည်။

“ကျွန်တော်တို့က လောလောဆယ်က Fiber Glass က ၁၅ပုံးလောက်ရယ်၊ ကားတာယာ အမှိုက်ပုံး ပုံး ၄၀လောက် ကျွန်တော်တို့လောလောဆယ် ရည်ရွယ်ထားပါတယ်။ တော်တော်များများလည်း ၃၀ ကျာ် ၄၀ နီးပါး ပြီးနေပါပြီ” ဟု ဦးကျော်သူရက ပြောသည်။

အမှိုက်ပုံးပြုလုပ်မည့် တာယာ အဟောင်းများကို လေးခုတွဲ၊သုံးခုတွဲ ပူးချည်ထားပြီး အဆိုပါ ပုံးများနံဘေးတွင် ကားတွန်းဇာတ်ကောင်များဖြစ်သော ကြောင်နဲ့ ကြွက်ပုံ ၊တွတ်ပီ၊ မသေးမျှင်၊ ဗိုက်ကလေး အစရှိသည့် ဇာတ်ကောင် များဖြင့် ရေးဆွဲပုံဖော်ထားပြီး၊ တာယာအဟောင်းများဖြင့် ပြုလုပ်ထားရသည့် အတွက် စရိတ်စက အနေဖြင့်လည်း Fiber Glass တစ်ခုတန်ဖိုးထက် လျော့နည်းသည်ဟု သိရသည်။

ကနဦး အနေဖြင့် လူသွားလူလာများသော ရှမ်းကန်ပတ်လည်၊ ဘတ်စ်ကားဂိတ်များ၊ ဗိုလ်ချုပ်လမ်း တစ်လျှောက်ရှိ အမှိုက် အလွယ်တကူ ပစ်နိုင်သော နေရာများတွင် စတင်ထားရှိသွားမည် ဖြစ်သည်။

လမ်းသွားလမ်းလာ စွန့်ပစ်အမှိုက်များ စနစ်တကျပစ်စေရန် ရည်ရွယ်သည်ဟု သိရသည်။

“ကျွန်တော်တို့လမ်းသွားလမ်းလာ ဥပမာ ရေသောက်လိုက်တယ်။ ရေသန့်ဘူး လက်ထဲက ထွက်လာတယ်။ ထွက်လာတဲ့ ရေသန့်ဘူးကို ကျွန်တော်တို့က ဘယ်နားပစ်စရာမရှိတော့ နီးစပ်ရာ ကျွန်တော်တို့ ပစ်ချလိုက်တယ်။ အဲ့ဒီဟာလေးကို မဖြစ်အောင် ကျွန်တော်တို့ အမှိုက်ပုံး လေးလုပ်ပေးထားတဲ့သဘောပါ။ တချို့တွေက စီးပွားရေးအမှိုက် မီးဖိုချောင်သုံး အမှိုက်တွေကတော့ အမှိုက်ကားလာတဲ့အထိစောင့်ပြီးမှပဲ ပစ်ဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု ဦးကျော်သူရက ဆိုသည်။

လက်ရှိတွင် ကားတာယာ အလှုရှင်ရှိသလောက် လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ကနဦး အနေနဲ့ အမှိုက်ပုံး အလုံး ၁၀၀ခန့်ကို လုပ်ဆောင်သွားမည်ဖြစ်သည်ဟု မျှဝေသောလက်များ(ပျဉ်းမနား) ပရဟိတအသင်းမှ သိရသည်။

ယခုကဲ့သို့ ကားတာယာ အမှိုက်ပုံးများ ထားရှိရခြင်းသည် ပျဉ်းမနားမြို့သာယာလှပစေရေးအတွက် ဦးတည်လုပ်ဆောင်ခြင်းဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့်လည်း ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။

"စည်ပင်ကလည်း သိမ်းပေးပါမယ်။ နောက်ဆုံးအမှိုက်ပုံးကို ညစ်ပတ်နေရင်တောင်မှ သူတို့ဆေးကြောပေးမယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ စည်ပင်ရဲ့ ပူးပေါင်းပါ၀င်မှုကတော်တော်အားရစရာကောင်းပါတယ်" ဟု ဦးကျော်သူရက ပြောသည်။

လက်ရှိတွင် Fiber Glass ပုံးများပါ တွဲရက်ထားရှိမည်ဖြစ်ပြီး အဆိုပါပုံးမှာ ကျပ် တစ်သိန်းဝန်းကျင်ခန့်ရှိပြီး တာယာအမှိုက်ပုံးများကို အဓိက ထားရှိပေးမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly