ကျောက်မီးသွေးတွင်း လေပိုက်ပေါက်ကွဲမှု ပိတ်မိသူအားလုံး သေဆုံး

ကျောက်မီးသွေးတွင်း လေပိုက်ပေါက်ကွဲမှု ပိတ်မိသူအားလုံး သေဆုံး

 

မင်းဘူး၊ နိုဝင်ဘာ ၂၉ ။                ။ မင်းဘူး/စကုမြို့နယ်ရှိ ကျောက်မီးသွေးတွင်း လေပေါက် ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၈ ဦး ပိတ်မိနေရာ ယနေ့ နေ့လည် ၁၂ နာရီ ၅၀ ခန့် အချိန်က  တရုတ်နိုင်ငံသားတစ်ဦးနှင့် မြန်မာ ၁ ဦးအား သေဆုံးလျှက် ထပ်မံတွေ့ရှိခဲ့သောကြောင့် ပိတ်မိနေသော လူ ၈ ဦးလုံး သေဆုံးခဲ့သည်။

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော် နှင့် ငဖဲသွားလမ်း မန်းရွှေစက်တော်နှင့် ၂ မိုင်ခန့် အကွာရှိ ဟန်ထက်ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီမှ တူးဖော်လုပ်ကိုင်နေသည့်     ကျောက်မီးသွေးတွင်း အတွင်းသို့ ပို့လွှတ်သည့် လေပိုက်ပေါက်မှု နိုဝင်ဘာလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် လူ  ၈ ဦး ပိတ်မိနေရာ  ကနဦး တွေ့ရှိရသူများအနက် ၂ ဦး ဆေးရုံတွင် သေဆုံးခဲ့ပြီး ကျော်မင်း၊ ကျောက်မီးသွေးတွင်းလုပ်သား ၃၂ နှစ် နှင့် ၀င်းဌေး ၄၂ နှစ် တို့အား နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၄၅ခန့်တွင် လည်းကောင်း၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကျော်မြင့် ( ခေါ်) ရန်နိုင်ဦး၊ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် ကျော်စိုး ၃၉ နှစ်၊ မြစ်ကြီးနားနေသူ ရုပ်အလောင်းတွေ့ရှိခဲ့ပြီး ဖြစ်သည်။

အဆိုပါ ကျောက်မီးသွေးတွင်းသည် အနက်ပေ ၂၀၀ မှ ၂၅၀ အကြားရှိ ကျောက်မီးသွေးတွင်းဖြစ်ပြီး ဂလိုဏ် ဖောက်ကာ မြေသားနံရံ အထိန်းများတပ်ဆင်၍ အပိတ်တူးရသော   ကျောက်မီးသွေးတွင်း ဖြစ်သည်။

အဆိုပါ ကျောက်မီးသွေးတွင်း ပိတ်မိနေသူများ အသက်ရှင်ရန် အခွင့်အလမ်းနည်းပါးကြောင်း ဒေသခံအများစု က သုံးသပ်ခဲ့ကြပြီး ယခု ပိတ်မိသူအားလုံး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly