စာအုပ်ကို ဆန်ခါချပြီးမှ ဖတ်ပါ

 

၁။

အမှန်တကယ်တော့ ပြောမယ့်သာပြောရတာပါ။ လူငယ်တွေက စာဖတ်တဲ့အခါ သူသန်ရာသန်ရာ ရွေးချယ်ပြီးဖတ်ကြတာများ ပါတယ်။ ဘယ်စာအုပ်ကို ရွေးချယ်ဖတ်သင့်သလဲဆိုတဲ့ မေးခွန်းကလည်း နယ်ပယ်ကျယ်လွန်းတော့ တခွန်းထဲနဲ့ဖြေလို့ရသည့်တိုင် အဓိပ္ပါယ်ပြည့်စုံအောင်တော့ ဖြေလို့ရမယ်မထင်ပါဘူး။ ဒါပေမယ့်လည်း စာအုပ်တွေကို ရွေးချယ်ဖတ်သင့်တာလည်း အမှန်ပါပဲ။ မလွဲမသွေ ရွေးချယ်ဖတ်သင့်တယ်လို့လည်း ယူဆပါတယ်။

စာအစုံဖတ်တယ်ဆိုတာ စာဖတ်ကာစ အရွယ်တုန်းကသာ ဖြစ်တတ်တာပါ။ အသက်နည်းနည်းကြိီးလာတဲ့အခါ လူငယ်တိုင်းလိုလို ရွေးချယ်ပြီးမှ ဖတ်ပါတယ်။ ဒါမှမဟုတ် ကိုယ်စိတ်အားသန်ရာစာအုပ်အမျိုးအစားတွေကို ဦးစားပေးရွေးချယ်ပြီးမှ ဖတ်ကြပါတယ်။

ဒီလိုဆိုတော့ ဘယ်လိုစာအုပ်မျိုး ဖတ်သင့်သလဲဆိုတဲ့မေးခွန်း မေးဖို့လိုလို့လားလို့ ပြောစရာရှိပါတယ်။ မှန်ပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ကိုယ်သန်ရာသန်ရာ စိတ်ဝင်စားရာ စာအုပ်တွေကို ရွေးချယ်ဖတ်ကြတာ မှန်ပေမယ့် အချိန်တိုတိုနဲ့ ကိုယ့်အတွက် ဘယ်စာအုပ်မျိုး၊ ဘယ်သူရေးတဲ့စာအုပ်မျိုး အစရှိသဖြင့် ထပ်မံရွေးချယ်ဖတ်သင့်တာတော့ အမှန်ပါပဲ။ ဥပမာ ကာတွန်းစာအုပ် ဖတ်ရင်လည်း ဘယ်ကာတွန်းဆရာရဲ့လက်ရာ၊ ဘယ်ကာတွန်းဇာတ်ကောင်ပါတဲ့စာအုပ် အစရှိသဖြင့် ကာတွန်းစာအုပ်ထဲမှာတွင် ထပ်ပြီး ရွေးချယ်ရပြန်ပါတယ်။ ဒါကို စာအုပ်ဆန်ခါချပြိီး ဖတ်တယ်လို့ တင်စားပြောလို့ရပါတယ်။

ဆန်အိတ်ထဲက ဆန်ဆိုတာ ဆန်တော့ဆန်ပဲ၊ ဒါပေမယ့် သဲ၊ ဆန်ကွဲ၊ အမှိုက် ပါနေတဲ့သဘောမို့ ဆန်ကာနဲ့ဝိုင်းပြီးမှ ဆန်ကောင်းရွေးချယ်ချက်ပြုတ်ရပါတယ်။ ဒါကို ဆန်ကာချပြီးမှ ဆန်ရွေးတယ်လို့ဆိုပါတယ်။ ဒီိလိုပါပဲ။ စာအုပ်တွေထဲမှာ ဖတ်ဖို့မသင့်တဲ့စာအုပ်၊ ဒါမှမဟုတ် ဖတ်ဖို့ အသင့်အတင့်ပဲသင့်တော်တဲ့စာအုပ်၊ ကိုယ့်အတွက် အချိန်တိုတိုနဲ့ ကောင်းကျိုးပြုမယ့်စာအုပ်…၊ အဲသလို ဆန်ကို ဆန်ကာချသလို စာအုပ်တွေကိုလည်း ဆန်ကာချပြီး ရွေးတတ်ရပါမယ်။ ဆန်ကောင်းကောင်း ၀ိုင်းတတ်ရင် ဆန်ကောင်းကောင်း စားရမှာဖြစ်သလို စာအုပ်ကောင်းကောင်းရွေးတတ်သူဟာလည်း စာကောင်းပေမွန်ကောင်းကောင်း ဖတ်ခွင့်ကြံုမှာ အသေအချာပါပဲ။

ဒီနေရာမှာ လူငယ်တွေ စာစပြီး ဖတ်စအချိန်၊ စလေဦးပုည ပြောသလိုပြောရရင် ကြောင်ပုဇွန်စား ကြွပ်ကြွပ်ဝါးသို့ဆိုတဲ့စကားအတိုင်း စဖတ်ကာစကတည်းက စာကို ကျေညက်အောင် ဖတ်သင့်ပါတယ်။ သေသေချာချာသတိပြု စီစစ်တတ်တဲ့အကျင့်ကို အဲဒိီအချိန်ကတညး်က ကျင့်ယူရပါမယ်။ ဘာပြုလို့လည်းဆိုတော့ ဘယ်လိုစာအုပ်က ကိုယ်နဲ့သင့်တော်တယ်၊ ဘယ်စာအုပ်က ကိုယ့်ဝါသနာကို ပိုပြီးအားပေးတယ်၊ ဘယ်စာအုပ်ကတော့ ကိုယ့်အတွက် အချိန်ကုန်လူပမ်းဖြစ်စေရုံသက်သက်ပဲဆိုတဲ့ ပိုင်းဖြတ်သုံးသပ်မှုကို စာစဖတ်တဲ့အချိန်ကတည်းက သတိရှိရှိနဲ့ ကျင့်ကြံမိဖို့ အရေးကြီးပါတယ်။

စာစပြီးဖတ်ကာစအရွယ်ဟာ အဲသလို ပိုင်းခြားစီစစ်နိုင်စွမ်း အားနည်းတာမှန်ပေမယ့် ဒါဟာ အစကောင်းမှ အနှောင်းသေချာဆိုသလို စာအမျိုးအစား ယေဘုယျအားဖြင့် ပိုင်းခြားရွေးချယ်ချင်တဲ့စိတ် ရှေ့တန်းကမထားဘူးဆိုရင် စာပေါင်းစုံဖတ်တဲ့ကာလဟာ ရှည်ကြာမှာဖြစ်ပြီး ကိုယ့်အတွက် အချိန်တိုတိုနဲ့ ထိထိရောက်ရောက်ဖြစ်စေမယ့်  စာအုပ်တွေဆီရောက်ဖို့ရာ နှောင့်နှေးနေစေမှာပါပဲ။ တခါတလေ ဘယ်လောက်အထိ နှောင့်နှေးတတ်သလဲဆိုရင် အသက်အရွယ်ကြီးတဲ့ လူလတ်ပိုင်းအရွယ်ရောက်တဲ့အချိန်ကြကာမှသာ ကိုယ်အမှန်တကယ်ဝါသနာပါတဲ့ဘာသာရပ်နဲ့ ကိုက်ညီတဲ့စာအုပ်တွေကို သေသေချာချာ စီစစ်ရွေးချယ်ဖတ်ရမှာပါလားဆိုတဲ့ အသိလင်းလက်မှုက အဲဒီအရွယ်ကြကာမှ ရပါတော့တယ်။ အချိန်တော်တော်နှောင်းပြိီပေါ့။

အံ့သြဖို့လည်းကောင်းပြီး စိတ်မချမ်းမြေ့ဖွယ်ကောင်းတဲ့ အချက်ကတော့ ငယ်စဉ်ကလည်း စာမဖတ်၊ လူလတ်ပိုင်းနဲ့ အသက်အရွယ်ကြီးရင့်လာတဲ့အချိန်အထိလည်း ဘယ်စာအုပ်ဟာ အကျိုးရှိစေတဲ့စာအုပ်ဖြစ်တယ်ဆိုတာ ကွယ်လွန်ချိန်အထိ အရေးကြီးမှန်းမသိပဲ နေသွားကြရတဲ့ လူတွေလည်းရှိတတ်ပါတယ်။ ၀မ်းနည်းဖို့ ကောင်းပါတယ်။

ကောင်းပါပြီ။ ဒါဆိုရင် ကိုယ်ဝါသနာထုံရာ ဘာသာရပ်နဲ့ကိုက်ညီမယ့်စာအုပ်တွေကို ဦးစားပေးရွေးချယ်ဖတ်သင့်တယ်လို့ပြောတဲ့အခါ ကျန်စာအုပ်တွေကို မဖတ်သင့်တော့ဘူးလို့ ဆိုလိုရာမရောက်ဘူးဆိုတာကိုလည်း သိစေချင်ပါတယ်။ လူငယ်တွေဟာ စာစတင်ဖတ်ကာစအချိန်မှာ စာအစုံဖတ်သင့်တာ မှန်သလို ကိုယ့်တသက်လုံး ကြီးပြင်းလာတဲ့အချိန်မှာလည်း လိုအပ်သလို အခြေအနေပေးရင်ပေးသလို စာအစုံဖတ်ဖို့ကိုလည်း လက်မရွွံသင့်ပါဘူး။ ဆိုလိုတာက စာအစုံဖတ်တဲ့အကျင့်ကို တသက်လုံး ဦးစားပေး မထားရှိဖို့သာ ဆိုလိုရင်းဖြစ်ပါတယ်။ တခွန်းထဲနဲ့ ပြည့်စုံအောင်ပြောမယ်ဆိုရင် “စာအစုံဖတ်၊ စာကောင်းပေမွန်ကို ထပ်မံရွေးချယ်ပြီးမှ မလွဲမသွေဖတ်” လို့ပဲ ပြောရင်ပြည့်စုံမယ်ထင်ပါတယ်။

ဖြစ်တတ်တာတစ်ခု ပြောချင်တယ်။ တချို့က အသက်အရွယ်တော်တော်ရောက်လာတဲ့အချိန်အထိ ပန်းချီပညာနဲ့ပတ်သက်တဲ့စာအုပ်တွေကို ဦးစားပေးဖတ်လာခဲ့တယ်ဆိုပါတော့။ နောက်တော့ မမျှော်လင့်ပဲ သူတကယ် ၀ါသနာထုံတဲ့ ကဗျာစာအုပ်တွေကို ခံတွင်းတွေ့လာခဲ့တယ်။ အဲဒီအခါကြတော့မှ ပန်းချိီစာအုပ်တွေကို နောက်တန်းပို့ပြီး ကဗျာစာအုပ်တွေကို ရှေ့တန်းပို့ ဦးစားပေးပြီး ဖတ်တယ်။ ဒါပေမယ့် အချိန်တော်တော်ကြာ နောက်ကျသွားခဲ့ပြီ။ အချိန်ဖြုန်းသလိုဖြစ်ခဲ့ပြီ။ ဒီလို ဘာကြောင့်ဖြစ်ရသလည်းဆိုတော့ စာအစုံဖတ်ကာစက စာအုပ်တွေကို အပေါ်ယံရှပ်ပြီးမှ အပျော်သက်သက်အခြေခံနဲ့ဖတ်ခဲ့လို့ပါပဲ။ ဒီလိုဖတ်တော့ စီစစ်စဉ်းစား ရွေးချယ်တဲ့အလုပ်ကို အလေးမထားမိတော့ လူငယ့်ဘာဝ ကိုယ်နဲ့အရင် ထိထိခိုက်ခိုက်ဖြစ်စေတယ်လို့ထင်ရတဲ့ ပန်းချီစာအုပ်တွေနောက် လိုက်ခဲ့မိတဲ့သဘောပဲ။ ဒါကြောင့်မို့ ကို်ယ်တကယ်ဖတ်သင့်တဲ့စာအုပ် ကိုယ့်ဝါသနာဗီဇနဲ့တထပ်တည်းကျတဲ့စာအုပ်ဟာ ဘယ်လိုစာအုပ်မျိုးလည်းဆိုတဲ့ အလေးထားစဉ်းစား ရွေးချယ်တဲ့အလုပ်ကို ငယ်စဉ် စာအစုံဖတ်တဲ့အချိန်ကတည်းက အလေးအနက်ထားသင့်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ကဲ ဒီကနေ့တော့ စာအုပ်တွေ ဆန်ကာချဖတ်သင့်တယ်ဆိုတဲ့အချက်ထဲက ကိုယ့်ဝါသနာဗီဇနဲ့ ကိုက်ညီမယ့်စာအုပ်တွေကို စာစတင်ဖတ်စဉ်ကတည်းက မှန်ကန်စွာ ရွေးချယ်တတ်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။

နောက်တပတ်ဆိုရင်တော့ စာဖတ်တဲ့အခါ ထားရှိသင့်ထားရှိအပ်တဲ့ တကိုယ်ရေစိတ်ထားနဲ့ပတ်သက်တဲ့အကြောင်းအရာကို ဆက်သွားပါမယ်ဗျား။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly