ပင်လောင်းတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးရာမှ ဆေးရုံတင်ထားရသော ကလေးငယ် အသက် အန္တရာယ်စိုးရိမ်ရ

ပင်လောင်းတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးရာမှ ဆေးရုံတင်ထားရသော ကလေးငယ် အသက် အန္တရာယ်စိုးရိမ်ရ
ဓာတ်ပုံ - Khun yan paing

ရန်ကုန်၊ နိုဝင်ဘာလ ၂၈ ။            ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ အမှတ် ၁ ရပ်ကွက်၊ အ.မ.က မူလွန်မီးလောင် ကုန်းကျောင်းတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးရာမှ  ဆေးရုံတင်ထားရသောကလေးငယ် အသက် အန္တရာယ်စိုးရိမ်နေရကြောင်း နောင်တရားမြို့၊ အမှတ် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခွန်ညွှန့်ရီက မဇ္စျိမသို့ပြောသည်။

အဆိုပါ ကလေးငယ်မှာ အ.မ.က မူလွန်မီးလောင်ကုန်းကျောင်း၊ ပထမတန်းတွင် တက်ရောက်နေသော မောင်ခွန်စန်ဖြိုးဖြစ်ပြီး ကလေးငယ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဂျပန်ဦးနှောက်   ရောင်ကာကွယ်ဆေး ထိုးပြီးနောက် ယခုကဲ့သို့ ဆေးရုံတက်ရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ဆေးမထိုးမီ ကလေးငယ်မှာ နေမကောင်းဖြစ် နေကြောင်း သိရသည်။

“ ကာကွယ်ဆေးမထိုးခင်ကတည်းက ကလေးက နေမကောင်းဘူး။ ကာကွယ်ဆေးထိုးရမယ်ဆိုတော့ သူက စောင်ခြံုပြီးတော့ ကျောင်းကို သွားခဲ့တာ။ ကျောင်းမှာ ကာကွယ်ဆေးထိုးပြန်ပြီးတော့မှ အိပ်တော့ ၂ ည မြောက် မှာ နောင်တရားပြည်သူ့ဆေးရုံကို တင်တာ။ နောင်တရားဆေးရုံကနေ ချက်ချင်း တောင်ကြီး ကလေး အထူး ကုဆေးရုံကို လွှဲပေးလိုက်တာတဲ့။ တောင်ကြီးဆရာဝန်ပြောတော့ အဆုတ်အားနည်းလိုဖြစ်သွားတာတဲ့”ဟု ဦးခွန်ညွှန့်ရီက ပြောသည်။

လက်ရှိတွင် အဆိုပါကလေးငယ်မှာ ကုသမှုအတွက် ငွေကြေးအခက်အခဲရှိနေကြောင်း သိရသည်။

“ ကလေးမိဘတွေကလည်း တစ်နေ့လုပ် တစ်နေ့စားဆိုတော့ ပိုက်ဆံမရှိဘူး။ အခု ကုနေတာလည်း ဆယ်သိန်း ကျော်သွားပြီတဲ့။ အသက်ဆက်ဆေး ထိုးတာလည်း တစ်လုံးကို သုံးသိန်းနဲ့ ရှစ်သောင်း ပေးရတာတဲ့။ နှစ်လုံးထိုးထားရတာ။ အခုနောက်ထပ် ဆက်ကုဖို့ ပိုက်ဆံမရှိလို့ ကျွန်တော်ဆီ အကူ အညီလာတောင်းတော့ ကျွန်တော်က ဒီနေ့ လူမှုရေးအသင်းက ငါးသောင်း၊ ကျွန်တော်က ခြောက်သောင်း ပညာစီမံက ငါးသောင်း လောလောဆယ် အဲဒီလောက်အလှူခံပေးထားတယ်။ နောက် ကျွန်တော်တို့ ရွှေဘုန်း ပွင့်လူငယ်အသင်းက ဘယ်လောက်ရမလဲမသိဘူး။ မနက်ဖြန်မှ သူတို့ ဆက်ပြီး လှူပေးမယ်လို့ ပြောတယ် ” ဟု ဦးခွန်ညွှန့်ရီ က ပြောသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာရှိ အ.ထ.က ခွဲကျောင်း တွင် ကျောင်းသူ၊ ကျောင်းသား များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပေးရာမှ ၂၉ ဦး မူးဝေအော့ အန်မှု ဖြစ်ပွားခဲ့ပြီး ထိုသို့ ဖြစ်ပွားခြင်းမှာ ကလေးငယ်များ ဇာတ်ပွဲကြည့်ရာမှ အိပ်ရေးပျက်သည့်အချိန် ကာကွယ်ဆေးထိုးပေးသဖြင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပေးခြင်း အစီအစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် အသက် ၁၃ နှစ် အရွယ်ကလေး ၁ ဦး ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးမှုဖြစ် ပွားခဲ့သည်။

ထိုကလေးငယ်သေဆုံးမှုအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကလေးအထူးကု ဆရာဝန်ကြီးများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့မှ တာဝန်ရှိသူများက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် နည်းပညာဆိုင်ရာစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကာကွယ်ဆေးအရည်အသွေး၊ အအေးလမ်းကြောင်းနှင့် ဆေးထိုးသော နည်းစနစ်များမှာ မှန်ကန်ကြောင်း၊ ရင်ခွဲစစ်ဆေးချက်နှင့် အသားစ အနုစိတ်စစ်ဆေးချက်များအရ ကာကွယ်ဆေးနှင့် မတည့်လျှင် ဖြစ်ပေါ်တတ်သည့် ပြောင်းလဲမှုများကို လုံးဝမတွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူကလေးငယ်မှာ ငယ်စဉ်ကတည်းက လေပြွန်ရောင်သောရောဂါရှိနေသည့်အတွက် ကာကွယ် ဆေးထိုးပြီးသည့်အချိန်တွင် လေပြွန် ရုတ်တရက် ကျဉ်းသော လက္ခဏာများ ပြင်းထန်စွာဖြစ်ပေါ်ခဲ့ပြီး လိုအပ်သောကုသမှုများ ပေးခဲ့သော်လည်း သေဆုံးခဲ့ရခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုများသော ကမ္ဘာ့နိုင်ငံ (၂၄) နိုင်ငံတွင် ပါဝင်နေပြီး ဂျပန်ဦးနှောက်ရောင်ရောဂါမှာ ဖြစ်ပွားလျှင် ပျောက်ကင်းအောင် ကုသနိုင်သည့်ဆေးဝါး မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly