နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည်သုံး၍ ခြိမ်းခြောက်နေမှုကို မကျေနပ်ခြင်းကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည်သုံး၍ ခြိမ်းခြောက်နေမှုကို မကျေနပ်ခြင်းကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်

မန္တလေး၊နိုဝင်ဘာ ၂၈ ။       ။ မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်အုပ်စု၊ အိုးဘိုကျေးရွာတွင် မြေရောင်းမှားဝယ်မှား အမှုဖြစ်ပွားရာ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည်အသုံးပြု၍ ခြိမ်းခြောက်နေခြင်းကို ခြိမ်းခြောက်ခံရသူများက မကျေနပ်ခြင်းကြောင့် နိုဝင်ဘာလ ၂၈ရက်၊ နံနက် ၁၀နာရီ၊ ၃၀မိနစ်က ရ၂လမ်းနှင့် ရ၃လမ်းကြား၊ ၃၃လမ်းနှင့် ၃၄ကြားရှိ MEDIA CENTRE MANDALAY တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ထိုသို့ခြိမ်းခြောက်ခံနေရခြင်းနှင့် ပတ်သက်၍ ခြိမ်းခြောက်ခံရသူများက ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ရက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)နှင့် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး အစိုးရတို့ထံတွင်လည်း တိုင်ကြားစာများ ပေးပို့ထားသည်ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများက ဆိုသည်။

အဆိုပါ ပိုင်ဆိုင်မှုအငြင်းပွားခြင်း အမှုမှာ ၂၀၁၆ခုနှစ်၊ သြဂုတ်လမှ စတင်၍ အမရပူရတရားရုံးတွင် ဖြစ်ပွားလျှက်ရှိရာ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်က ဗေဒင်ဆရာဟုဆိုသူ ဦးကျော်ထူး(ဆရာကျော်လပြည့်)က "ငါက ဒေါ်အောင်ဆန်းစုကြည်ကိုးကွယ်တဲ့ ဗေဒင်ဆရာကွ။ မင်းတို့ဘာမှတ်သလဲ။"စသည်ဖြင့် ဖုန်းမှ တဆင့် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ခြိမ်းခြောက်ခံထားရသူများက ၎င်းအသံဖိုင်ကို ဖွင့်ပြခဲ့သည်။

ခြိမ်းခြောက်ခံထားရသူ ဒေါ်တင်ဝင်းမာက "အဲဒီလိုခြိမ်းခြောက်ခံရတာနဲ့ ပတ်သက်ပြီး တိုင်ထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ နာမည်သုံးပြီး ခြိမ်းခြောက်မှုတွေ လုပ်နေတော့ အားလုံးက ကြောက်နေကြတယ်။"ဟုပြောသည်။

အဆိုပါ မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးသူရထွန်းက "ဒီခြိမ်းခြောက်မှုက တရားရုံးကို စိုးမိုးနိုင်စရာရှိတယ်။"ဟု ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ သုံးသပ်ပြောကြားသည်။

ခြိမ်းခြောက်သူဟု စွပ်စွဲခံထားရသည့် ဗေဒင်ဆရာ ဦးကျော်ထူး(ဆရာကျော်လပြည့်)အား သတင်းရှင်းလင်းပွဲအပြီးတွင် မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် "ဒီကိစ္စကို မမှန်မကန်လုပ်တဲ့ လူလိမ်တစ်ယောက် မဟုတ်ဘူးဆိုတာ ဖော်ပြတာ။ ကျွန်တော်သည် ဒီနေ့အထိ နိုင်ငံတော်ကို ကျွန်တော် အသက် ၆၀တိတိ အနှစ် ၃၀ကျော် နိုင်ငံတော်အတွက် ကိစ္စကို ကျွန်တော်တောက်လျှောက် လုပ်ပေးလာတာ။ အရင်စစ်အစိုးရကိုလည်း တွက်ချက်တယ်။ အဲဒီအနှစ် ၃၀မှာ ဦးသိန်စိန်လည်း တွက်ချက်တယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း တွက်ချက်တယ်။"ဟု ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှှ တာဝန်ရှိသူတစ်ဦးကိုမဇ္ဈိမက မေးမြန်းရာ"ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ခြိမ်းခြောက်ခံရလို့ နစ်နာနေတဲ့သူက ကျွန်တော်တို့ဆီကို စာတင်ပြီးတော့ လာအကူအညီတောင်းတယ်။ တောင်းတဲ့အတွက်လည်း ကျွန်တော်တို့က လက်ခံတွေ့ဆုံပြီးတော့ ကျွန်တော်တို့ရဲ့ ဥပဒေအထောက်အကူပြု တာဝန်ရှိတဲ့ သူတစ်ဦးကနေပြီးတော့ ဒီအမှုကိုအကြံပေးတယ်။ သူ့ဘက်က တရားဝင်လိုက်ပါပေးနေတဲ့ ရှေ့နေကိုလည်းဘဲ ဥပဒေကြောင်းအရ ဘယ်လိုဖြစ်သင့်တယ် ဆိုတာတော့ အသေးစိတ်ညှိုနှိုင်း အကြံပေးတာရှိပါတယ်။ ရှိပြီတော့ ဒါ ဥပဒေအကြောင်းအရ ရင်ဆိုင်ပြီးတော့ ဘယ်လိုလုပ်လာမလဲ၊ အမှန်တရား မပေါ်ပေါက်ပဲနဲ့ ဒီအတိုင်းနစ်နာမှု ဆက်ရှိနေမယ်ဆိုရင်တော့ ကျွန်တော်တို့ အဖွဲ့ချုပ်အနေနဲ့ကတော့ အဖွဲ့ချုပ်ခေါင်းဆောင်ရဲ့ အမည်နာမကို သုံးပြီးတော့ အလွဲသုံးပြီးတော့ ခြိမ်းခြောက်ထားတာ ဖြစ်တဲ့အတွက်၊ အဖွဲ့ချုပ်အနေနဲ့ကတော့ အမှန်အတိုင်းသိအောင်ကြိုးစားမယ်၊ လိုအပ်ရင် အဖွဲ့ချုပ်အနေနဲ့ တရားစွဲအရေးယူသင့်ရင်လည်း အရေးယူမယ်။ ဒါလေးတော့ ကျွန်တော်တို့ ယာယီအကြမ်းဖျဉ်းပြောလို့ရတယ်"ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly