နိုဝင်ဘာလ ၂၈ ။ ။ မင်းဘူး/စကုမြို့နယ်ရှိ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဖြစ်ပွားရာ လူ ရ ဦးပိတ်မိနေရာ ၃ ဦးအား တူးဖော်ရရှိခဲ့ပြီး ၃ ဦးလုံး သေဆုံးနေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော် နှင့် ငဖဲသွားလမ်း မန်းရွှေစက်တော်နှင့် ၂ မိုင်ခန့် အကွာရှိ ဟန်ထက်ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီမှ တူးဖော်လုပ်ကိုင်နေသည့် ကျောက်မီးသွေးတွင်း အတွင်းသို့ ပို့လွှတ်သည့် လေပိုက်ပေါက်မှု ယမန်နေ့က ဖြစ်ပွားခဲ့ပြီး လူ နှစ်ဦး သေဆုံးကာ ရ ဦး ပိတ်မိနေခြင်း ဖြစ်သည်။
အဆိုပါ ပိတ်ဆို့နေမှုကို လူအားနှင့် ဆက်လက်တူးဖော်နေခြင်းဖြစ်ပြီး ကျော်မင်း ကျောက်မီးသွေးတွင်းလုပ်သား ၃၂ နှစ် နှင့် ၀င်းဌေး ၄၂ နှစ် တို့အား ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ခန့်တွင် တွေ့ရှိခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အမည်မသိရသေးသူတစ်ဦး တွေ့ရှိခဲ့ကြောင်း မင်းဘူး ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် က အတည်ပြုပြောသည်။
အဆိုပါ ကျောက်မီးသွေးတွင်း ပိတ်မိနေသူများ အသက်ရှင်ရန် အခွင့်အလမ်းနည်းပါးကြောင်း ဒေသခံအများစု က သုံးသပ်ပြောသည်။
အဆိုပါ ကျောက်မီးသွေးတွင်းသည် အနက်ပေ ၂၀၀မှ၂၅၀ အကြားရှိ ကျောက်မီးသွေးတွင်းဖြစ်ပြီး တရုတ်နိုင်ငံ သား ၂ ဦး၊ မြန်မာ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး မနက်ပိုင်းက မြန်မာ ၂ ဦး သေဆုံးသွားခဲ့ပြီးနောက် ယခု ထပ်မံသေဆုံးခြင်း ဖြစ်သည်။
အဆိုပါ ကျောက်မီးသွေးတွင်းသည် ဂလိုဏ်ဖောက်ကာ မြေသားနံရံ အထိန်းများတပ်ဆင်၍ အပိတ်တူးရသော ကျောက်မီးသွေးတွင်း ဖြစ်သည်။ ယမန်နေ့က ဖိုးချမ်း ပါ ၁၀ ဦးသည် ကျောက်မီးသွေးတွင်း အတွင်းသို့ ဆင်းရာမှ ပေါက်ကွဲသံကြားရာမှ ဖိုးချမ်းပါ ၆ ဦး ပိတ်မိခဲ့ပြီး လာရောက်ကယ်ဆယ်သူတစ်ဦးပါ ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။