မြန်မာနိုင်ငံ၏ အနာဂတ်သည် ငြိမ်းချမ်းရေး ဖြစ်ရမည်ဟု ပုပ်ရဟန်းမင်းကြီးဆို

မြန်မာနိုင်ငံ၏ အနာဂတ်သည် ငြိမ်းချမ်းရေး ဖြစ်ရမည်ဟု ပုပ်ရဟန်းမင်းကြီးဆို

 

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ။               ။ မြန်မာနိုင်ငံ၏ အနာဂတ်သည် ငြိမ်းချမ်းရေးဖြစ်ရမည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နေပြည်တော်ရှိ MICC-2 ခန်းမ၌ အစိုးရအဖွဲ့ဝင်များ ၊ သံတမန်အမှုထမ်းများ ၊ လူမှုအဖွဲ့အစည်းများအား ပြောဆိုသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

"ငြိမ်းချမ်းရေးသည် လူသားတိုင်း၏ လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို လေးစားမှု၊ တိုင်းရင်းသားလူမျိုးစုတိုင်း နှင့် ၄င်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာကို လေးစားမှုအပေါ် အခြေခံသည်" ဟု ပုပ်ရဟန်းမင်းကြီး၏ မိန့်ခွန်းတွင် ဖော်ပြပါရှိသည်။

ယင်းအပြင် အတူယှဉ်တွဲနေထိုင်ရေးကို ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံရှိ ဘာသာရေးအဖွဲ့အစည်းများ၌ တာဝန်ရှိပြီး ဘာသာရေးယုံကြည်မှုသည် စိတ်ဝမ်းကွဲမှုများနှင့် အယုံအကြည်ကင်းမဲ့မှုများကို မဖြစ်ပေါ်စေသင့် ကြောင်းကိုလည်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ပြောဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေဖြင့် အဆိုပါ မိန့်ခွန်းမပြောဆိုမီ နေပြည်တော်၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်တို့ဖြင့် သီးခြားစီ   တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ယင်းအပြင် ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စိန့်မေရီဘုရားကျောင်းတွင် ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သလို သီတဂူဆရာတော်ဖြင့်လည်း သီးခြားတွေ့ဆုံခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ပထမဆုံးသော ရဟန်းမင်းကြီး ဖြစ်သည့် တမန်တော်ကြီး ရှင်ပေတရု (စိန့်ပီတာ)၏ အရိုက်အရာကို ဆက်ခံသူ ၂၆၆ ပါးမြောက် ရဟန်းမင်းကြီး ဖြစ်ပြီး ပထမဆုံး သမိုင်းဝင် ချစ်ကြည်ရေးလာရောက်သည့် ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly