ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီး ဘာတွေဆွေးနွေးခဲ့မလဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံခရီး ဘာတွေဆွေးနွေးခဲ့မလဲ

နိုဝင်ဘာ ၂၈ ။          ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလကုန်ပိုင်းမှာ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားပါတယ်။   ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တရုတ်နိုင်ငံကို ခရီးသွား ရောက်ခဲ့ပါသေးတယ်။ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံအများစုဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပေမယ့် တရုတ်နိုင်ငံကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရပ်တည်ထားခဲ့ပါတယ်။ ဒါအပြင် အစိုးရနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဖြစ်စဉ်တွေအပေါ်မှာ တရုတ်နိုင်ငံက ကူညီစောင့်ရှောက်ပေးနေတာတွေလည်း ရှိနေခဲ့ပါတယ်။ လက်ရှိအချိန်ထိ မြစ်ဆုံအရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ တရုတ်အကြား ဆွေးနွေးနေမှုတွေကလည်း ရှိနေဆဲပါ။ ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်းမှာ ဘာတွေဆွေးနွေးလာမလဲ၊ ဘယ်လိုကတိမျိုးတွေ ထားရှိခဲ့မလဲဆိုတာကို တရုတ် မြန်မာအရေး လေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်ကို မဇ္စျိမသတင်းထောက် ဇေယျာမော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။    ။ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလကုန်ပိုင်း တရုတ်သွားမယ်လို့ ထုတ်ပြန်လိုက်တယ်။ ဒီခရီးစဉ် အတွင်း ဘာတွေဆွေးနွေးသွားမယ်လို့ ခန့်မှန်းရလဲခင်ဗျ။

ဖြေ။       ။ ဒီခရီးစဉ်အတွင်းမှာ မြစ်ဆုံကိစ္စတော့ ပါလောက်မယ်၊ နောက်တစ်ခုကတော့ မြောက်ပိုင်းအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကိစ္စ ရှေ့တစ်ဆင့်တိုးဖို့အတွက် တိုက်တွန်းမယ်လို့ ထင်တယ်။ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်နိုင်ငံကလည်း အကူအညီပေးမယ်ဆိုတဲ့ကိစ္စကို အခိုင်အမာ ဆွေးနွေးတာတွေ ရှိမယ်လို့ ထင်တယ်။ နောက်ဆုံးကတော့ OBOR စီမံကိန်းနဲ့ ပတ်သက်တဲ့ အရင်တုန်းကတော့ အဆိုပြုချက်တွေပဲ ရှိတာ။  အခုကြတော့ စာချုပ်စာတမ်းအချို့ ချုပ်ဆိုနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

မေး။    ။ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်ပြီး တရုတ်က မြန်မာနိုင်ငံကို အတော်ထောက်ခံထားတာ ရှိတယ်။ ဆိုတော့ ဒီခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ထူးထူးခြားခြားဆွေးနွေးသွားဖို့ရော ရှိနိုင်မလား။

ဖြေ။       ။ ထူးထူးခြားခြား ပြောင်းလဲ ဆွေးနွေးမယ့်သဘောတော့မမြင်ဘူး။ ရခိုင်ပြည်နယ်မှာ အခြေခံ လုပ်ငန်းသုံးရပ်နဲ့ ပတ်သက်ပြီးတော့ အာမခံထားတယ်လေ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စွက်ဖက်မှုတွေမှာ တရုတ်နိုင်ငံက လက်မခံတဲ့အကြောင်း ၊ နောက်တစ်ခုက ဒီကိစ္စဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်တဲ့အကြောင်း၊ တတိယအချက်ကတော့ တရုတ်ပြည်အနေနဲ့ လိုအပ်တဲ့အထောက်အပံ့ကူညီမှုတွေ လုပ်သွားမယ် ဆိုတဲ့အကြောင်း ဒီသုံးချက် ပြောထားတာရှိတယ်လေ။ အဲ့ဒါတွေကို ပုံမှန်ဆက်လုပ်သွားမယ့်သဘောပါ။ ဒါကြောင့်မို့ ထူးခြားတဲ့ အပြောင်းအလဲ အဆိုပြုချက် ဆွေးနွေးချက်တွေ ရှိလာနိုင်မှာမဟုတ်ပါဘူး။ သို့သော် ဖြစ်နိုင်တဲ့အပြောင်းအလဲ ကတော့ တရုတ်ပြည်ရဲ့ ရပ်တည်မှုအပေါ်မှာ နိုင်ငံတကာဖိအားတွေတော့ နည်းနည်းတော့ အားနည်းသွား မယ်လို့ ယူဆပါတယ်။

မေး။    ။ အခုလထဲမှာလဲ တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ တွေကို ကူမင်းမှာ ခေါ်တွေ့ထားတာလည်း ရှိတယ်။ ၂၁ ပင်လုံ တက်ဖို့လည်း တိုက်တွန်းထားတာတွေ ရှိတယ်။ ဆိုတော့ အခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွင်းမှာ ငြိမ်းချမ်းရေးကိစ္စနဲ့ ဘာတွေ ဆွေးနွေးသွားဖို့ ရှိမလဲ။

ဖြေ။       ။  မစ္စတာ ဆွန်ကော့ရှန်ရဲ့ ပါ၀င်မှုအပိုင်းကတော့ ဒီကာလအတွင်းမှာ တော်တော်လေးကို ထိရောက်ပါတယ်။ ဒါပေမယ့်အရေးကြီးတဲ့ပြဿနာက မြောက်ပိုင်းက NCA နဲ့ မတူတဲ့ လမ်းကြောင်းဆိုပြီးတော့ ပြောနေတာရှိတယ်။ ငြိမ်းချမ်းရေးကော်မရှင်ကလည်း NCA ထဲမှာ ပါ၀င်ဖို့ပဲ ပြောနေတယ်။ နောက်ပြီး FPNCC နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေးကော်မရှင်က လက်မခံဘူးဆိုတဲ့ သဘောပြောထားတယ်။ အရေးကြီးတာက မစ္စတာဆွန်ကော့ရှန်က NCA လမ်းကြောင်းအတိုင်း လိုက်ပါဖို့ တိုက်တွန်းနေတာ တွေ့ရပါတယ်။ အဲ့တော့ မကြာခင် ၂၁ ရာစုပင်လုံ တတိယအကြိမ်ကို ဇန်နဝါရီလ နောက်ဆုံးပတ်မှာ လုပ်မယ်ဆိုတော့ နှစ်လအတွင်း သူတို့လူတွေ NCA လမ်းကြောင်းပေါ်ရောက်လာဖို့ ဆွဲတင်မယ့်ကိစ္စက အတော်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။ အဲ့ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်မှာ ဆွေးနွေးပြောဆိုမယ်လို့ မျှော်လင့်ပါတယ်။

မေး။    ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း တရုတ်သွားတယ်။ သူပြန်ရောက်လာပြီး နောက်တစ်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်သွားမယ် ဆိုတော့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းက ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲ။

ဖြေ။       ။ ဒီအစိုးရစတက်တုန်းကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးစားပေးတဲ့အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ခံမှုကို ပိုမိုရယူမယ်လို့မျှော်လင့်ထားတာ အခု ရခိုင်- ဘင်္ဂလားဒေ့ရှ် ပြဿနာနဲ့ ပတ်သက်ပြီးတော့ အနေအထားက အလှည့်အပြောင်းတစ်ခုဖြစ်သွားပါတယ်။ ဒီကိစ္စမှာ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေရဲ့ ဖိအားကို ခုခံကူညီပေးနေတာ တရုတ်ပြည်ဖြစ်နေပါတယ်။ တရုတ်ပြည်ကလဲ ပြတ်ပြတ်သားသားရပ်တည်မှုဖော်ပြတဲ့နေရာမှာ အနောက်နိုင်ငံတွေကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်ကို ဦးတည်ချက်ထားပြီး ပိတ်ဆို့မှုတွေလုပ်ဖို့ စဉ်းစားနေတဲ့အနေအထားမှာ တရုတ်ပြည်ကလည်း တပ်မတော်ကို ထောက်ခံတဲ့အကြောင်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ခေါ်ပြီးတော့ ပြောလိုက်ပါတယ်။ အလှည့်အပြောင်းကတော့ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဟာ နိုင်ငံရေး စီးပွားရေးတင်မကဘူး။  စစ်ရေးအရပါ ပူးပေါင်းဆောင်ရွက်မှုတွေ တဆင့်တိုးလာမယ့် အနေအထားရှိတယ်လို့ ယုံကြည်ပါတယ်။

မေး။    ။ ဒီနှစ်ပိုင်းအတွင်းမှာ မြစ်ဆုံကိစ္စ ပြန်လုပ်ဖို့ အသံတွေနည်းနည်းပြန်ထွက်လာတော့ ဒီကိစ္စတွေ ပြန်လုပ်ဖို့ တရုတ်ဘက်က တိုက်တွန်းလာနိုင်မလား။

ဖြေ။       ။ တိုက်တွန်းပါလိမ့်မယ်။ တိုက်တွန်းလာနိုင်ပါတယ်။ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တစ်စုံတရာ ကတိကဝတ်ပေးမယ်လို့ မထင်ပါဘူး။ သင့်တင့်မျှတတဲ့ အပေးအယူတစ်ခုတော့ စဉ်းစားကြမယ်လို့ ထင်ပါတယ်။ မြစ်ဆုံကိစ္စကို ပြန်လုပ်ဖို့ ဆိုတာတော့ ကျွန်တော်တို့ မြန်မာပြည်သူလူထုရဲ့ တိုင်းရင်းသားတွေရဲ့ ၀ိုင်းဝန်းကန့်ကွက်နေတဲ့အနေအထားအောက်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့  တစ်စုံတရာဆက်လုပ်ဖို့ အဆိုပြုချက်ကို လက်ခံမယ်လို့မထင်ပါဘူး။ အခြားသော နည်းနာတစ်ခုခု အစီအစဉ်တစ်ခု ရှာဖွေပူးပေါင်းဆောင်ရွက်တာမျိုးပဲရှိမယ်လို့ မျှော်လင့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly