တစ်ဖက်သတ်ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခံရခြင်းဟု ထုတ်ပယ်ခံ ပခုက္ကူ NLD ပါတီဝင်များဆို

တစ်ဖက်သတ်ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခံရခြင်းဟု ထုတ်ပယ်ခံ ပခုက္ကူ NLD ပါတီဝင်များဆို

ရန်ကုန် (မဇ္ဈိမ) ။ ။ အမတ်လောင်းရွေးချယ်မှုကိစ္စ မကျေနပ်သဖြင့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြသည်ဟု ယူဆကာ ပါတီမှ ထုတ်ပယ် ခဲ့ခြင်းသည် NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)က တစ်ဖက်သက်ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပယ်ခံပါတီဝင်တု့ိက ဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပခုက္ကူမြို့နယ် NLD ပါတီကိုယ်စားပြုဝင်ရောက်မည့် အမတ်လောင်းများကို ကန့်ကွက်သည့် ဆန္ဒပြပွဲသို့ ပါတီဝင်များ ပါဝင်ခဲ့ခြင်းကြောင့် NLD ပါတီက၊ ပခုက္ကူခရိုင်၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစံဌေး၊ တိုင်းအောင်နိုင်ရေးအဖွဲ့ဝင် မြို့နယ် အလုပ်အမှုဆောင်၊ ဦးဌေးမောင်နှင့် ခရိုင်ဘဏ္ဍာရေးမှူး ဦးသန်းဆွေတို့ အပါအဝင် ၁၀ဦးကို သြဂုတ်လ ၁၀ရက်က ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပယ် ခံရသူ မကွေးတိုင်းအောင်နိုင်ရေးအဖွဲ့ဝင်၊ ပခုက္ကူမြို့နယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဦးဌေးမောင်က "၇ရက်နေ့ဖြစ်တယ်၊ ၉ရက်နေ့မှထုတ်တယ်၊ ဘယ်ဗဟိုကမှလာမစစ်ဘူး၊ ပခုက္ကူ တာဝန်ခံက အစီရင်ခံစာရေး တင်လို့ပြောတယ်။ ဘယ်သူကဘယ်လိုရေးပြီးတင်ခဲ့မှန်းလည်းမသိရဘူး၊ ဗဟိုက တစ်ဖက်သတ်ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ခဲ့တာ၊ ဆန္ဒပြတယ်လို့ ပြောတဲ့ထဲမှာ အထုတ်ခံရတဲ့ထဲက ၂ယောက်လောက်ပဲပါတာ" ဟု မဇ္ဈိမကိုပြောသည်။

အမတ်လောင်းရွေးချယ်မှုအပေါ် ကန့်ကွက်သည့်ဆန္ဒပြမှုတွင် ပါဝင်သည့် ပါတီဝင်များကို အရေးယူနိုင်ရန် သက်ဆိုင်ရာ ဒေသခံပါတီတာဝန်ခံကို အစီရင်ခံစာတင်စေပြီး ယင်းအပေါ်တွင်သာ ဗဟိုကဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။

"ဒေသခံပါတီတာဝန်ခံကို အစီရင်ခံစာရေးခိုင်းတယ် အဲဒီအပေါ်မှာပဲဆုံးဖြတ်ခဲ့တာ။ အစီရင်ခံစာရေးတင်တာတော့ ဘယ်သူဆိုတာကို ကျွန်တော်မသိပါဘူး" ဟု ၎င်းကဆိုသည်။

ပခုက္ကူအမတ်လောင်းကိစ္စကြောင့် ထုတ်ပယ်ခံရသူများအရေးမှာ NLDက တစ်ဖက်သက် ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ်ဆန်ဆန် ကျင့်သုံးခဲ့ခြင်းမရှိကြောင်း ယင်း ၁၀ဦး ထုတ်ပယ်ခံရ၍ မိမိကိုယ်တိုင်နုတ်ထွက်ခဲ့သူ ၁၉၉၀ ပခုက္ကူ အမှတ် (၂) မဲဆန္ဒနယ် NLD အမတ်ဟောင်း ဒေါက်တာကြည်မင်းက မဇ္ဈိမကိုပြောသည်။

ဒေါက်တာကြည်မင်းက "နှစ်ဖက်ကအသံကို နားမထောင်ဘူး၊ အဲဒီအစီရင်ခံစာကို ဘယ်သူတင်လဲ ဆိုတာလည်း ကျွန်တော်သိတယ်။ ထုတ်ခံရတဲ့ထဲမှာ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ အလုပ်အမှုဆောင်တွေ ပါနေတာပဲ သူတို့အစီရင်ခံစာရေးတာ မဟုတ်ဘူး။ ဗဟိုကလည်း အစီရင်ခံစာတင်သူကို ဘယ်သူဆိုတာမပြောတဲ့အပြင်၊ ဗဟိုကိုယ်တိုင်လည်း လာမစစ်ဘူး" ဟု ဆိုသည်။

ကန့်ကွက်ခံရသည့် အမတ်လောင်းဖြစ်သူ ဦးပိုက်ကို(လက်ရှိပြည်သူ့လွှတ်တော်အမတ်) ကို မဇ္ဈိမက ၎င်းကိုင်ဆောင်သည့် ဖုန်းနံပါတ် ၀၉၄၇… သို့ ဆက်သွယ်မေးမြန်းရာ လွှတ်တော်သွားရောက်နေသဖြင့် မေးမြန်းနိုင်ခြင်းမရှိခဲ့ပေ။

NLD ပါတီသည် ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို မဲဆန္ဒနယ်ပေါင်း ၁၁၃၈ နေရာထိဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် အတိုက်အခံပါတီတစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly