ဒေါက်တာအေးမောင် ရခိုင်အမျိုးသားပါတီမှ ဥက္ကဋ္ဌအဖြစ်မှရော၊ ပါတီဝင်အဖြစ်မှပါ နှုတ်ထွက်

ဒေါက်တာအေးမောင် ရခိုင်အမျိုးသားပါတီမှ ဥက္ကဋ္ဌအဖြစ်မှရော၊ ပါတီဝင်အဖြစ်မှပါ နှုတ်ထွက်

ရန်ကုန်၊ နိုဝင်ဘာ၂၇ ။             ။ ရခိုင်အမျိုးသားပါတီ(ANP)အတွင်း ညီညွှတ်မှုမရှိဘဲ တစ်ဦးတည်းကိုသာ တိုက်ခိုက်နေမှုများကြောင့် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပါတီဝင်အဖြစ်မှရော၊ ဥက္ကဋ္ဌ အနေဖြင့်ပါ နှုတ်ထွက်လိုက်သည်။

သူတစ်ဦးတည်းကိုသာ တိုက်ခိုက်နေခြင်းကြောင့် သူ့အနေဖြင့်ထွက်ရခြင်းဖြစ်သည်ဟု နိုဝင်ဘာ၂၇ရက်နေ့ ရက်စွဲပါ နုတ်ထွက်စာတွင် ရေးသားထားပြီး ပါတီတွင်း အချင်းချင်း ရန်ဘက်အသွင်ဆောင်နေကြသဖြင့် ဝမ်းနည်းမိကြောင်း ဒေါက်တာအေးမောင်၏ နုတ်ထွက်စာ၏ ဒုတိယအပိုဒ်တွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နှုတ်ထွက်စာတင်ခဲ့သည့် ဒေါက်တာအေးမောင်အား မဇ္စျိမသတင်းဌာနမှ ဆက်သွယ်စုံစမ်းခဲ့ရာ ဖုန်းပိတ်ထားသောကြောင့် ဆက်သွယ်၍ မရနိုင်ခဲ့ပေ။

အဆိုပါ ပါတီဥက္ကဋ္ဌ နုတ်ထွက်စာနှင့် ပတ်သက်ပြီး တစ်သီးတစ်ယောက်ပုံရိပ်နှင့် သွားနေခြင်း မဟုတ်ဘဲ အများနှင့် စုဖွဲ့ထားသော ပါတီဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

"ပုဂ္ဂိုလ်ရေးထင်ပေါ်ကျော်ကြားတဲ့လူတွေနဲ့ဖွဲ့စည်းထားတဲ့ပါတီမဟုတ်ဘူး။ ကျွန်တော်တို့ပါတီက ဘယ်ကိစ္စကို မဆို စုပေါင်းခေါင်းဆောင်မှုနဲ့သာ သွားနေတယ်။ တစ်ယောက်တည်း ၊ ဒီပုဂ္ဂိုလ်ရဲ့ ထင်ပေါ်ကျော်ကြားမှု ၊ ဒီပုဂ္ဂိုလ်ရဲ့ပုံရိပ်နဲ့သွားနေတာမဟုတ်ဘူး။  လုံးဝမဟုတ်ဘူး ။ အဲဒါတော့  ခိုင်ခိုင်မာမာ ပြောနိုင်တယ်"ဟု ရခိုင်အမျိုးသားပါတီ(ANP)၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။

ရခိုုင်အမျိုးသားပါတီ(ANP)ကို ၂၀၁၄ ခုနှစ်တွင် ပါတီဝင်အင်အား  ၃၀ ကျော်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဒေါက်တာအေးမောင်က ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပြီး ယခု ပါတီဥက္ကဋ္ဌကိုယ်တိုင် နုတ်ထွက်သွားခြင်း ဖြစ်သည်။ သည်။

တိုက်ခိုက်သည်ဟု ဒေါက်တာအေးမောင်၏ ပြောဆိုချက်အပေါ် ပါတီတွင်း ခေါင်းဆောင်များအနေဖြင့် အွန်လိုင်းစာမျက်နှာများနှင့် မီဒီယာများပေါ်တွင် တိုက်ခိုက်ရေးသားမှု မရှိခဲ့ဟု ANP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။

"အဲဒီဥက္ကဋ္ဌအဖွဲ့တွေ အတွင်းရေးမှူးအဖွဲ့တွေ ဗဟိုအလုပ်အမှုဆောင်တွေထဲက ဒေါက်တာအေးမောင် ဘာဖြစ်နေပါတယ်ဆိုပြီး တိုက်ခိုက်တာ တစ်ခါမှမရှိဘူး ။ ဘယ်စာမျက်နှာမှာမှ ပေါ်ဘူးတာ မရှိဘူး။ အဲဒါကတော့ ဒီပုဂ္ဂိုလ်ရဲ့ ဒါ စွပ်စွဲချက်သက်သက်လို့ပဲ ကျွန်တော်ပြောချင်တယ်"ဟု ဦးထွန်းအောင်ကျော်က  တုံ့ပြန်ပြောဆိုသည်။

ဒေါက်တာအေးမောင်က နှုတ်ထွက်ရသည့် အကြောင်းအရင်းတွင်  ရခိုင်ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ လစ်လပ်နေရာခန့်ထားရေးကိစ္စတွင် ကြားပါတီများ၊ ပါတီကွဲများမှ ခန့်အပ်မခံရမှု၊ စစ်တွေမြို့နယ်ပါတီကိစ္စတွင် ဥက္ကဋ္ဌဖြစ်သည့် ဒေါက်တာအေးမောင်အား စုံစမ်းစစ်ဆေးမည့်ကိစ္စ အသိမပေးခြင်း၊ ဖြေရှင်းပုံမမှန်ကန်ခြင်း၏ နောက်ဆက်တွဲအနေဖြင့် ANP ဌာနချုပ်ရုံးစိုက်ရာ စစ်တွေမြို့နယ် တွင် ပါတီနှင့်လူထုပြိုကွဲမှုများတွင် ဥက္ကဋ္ဌ အနေဖြင့် ၄င်းတွင် တာဝန်ရှိသည်ဟု ရေးသားထားသည်။

"သို့ဖြစ်ပါ၍ ANP ပါတီအားဦးဆောင်တာဝန်ယူရသည့် ဥက္ကဋ္ဌ တာဝန်မှလည်းကောင်း၊ ပါတီဝင်တစ်ဦးမှ လည်းကောင်း၊ နှုတ်ထွက်ခွင့်ပြုပါရန် ပါတီဖွဲ့စည်းပုံစည်းမျဉ်းအပိုဒ် ၆၅ အရ ဗဟိုအလုပ်မှုဆောင်ကော်မတီ အဖွဲ့နှင့် ပါတီဝင်များအားလုံးသို့ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်"ဟု ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က နုတ်ထွက်လိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ပါတီကြောင့်သာ လူပုဂ္ဂိုလ်များထင်ပေါ်ကျော်ကြားလာခြင်းဖြစ်ပြီး ပုဂ္ဂိုလ်ကြောင့် ပါတီ ထင်ပေါ် ကျော်ကြားလာခြင်း မဟုတ်သည့်အတွက် အဆိုပါနုတ်ထွက်စာကိစ္စအား ပါတီအတွက် အသင့်တော်ဆုံး ဖြစ်စေရန် စုပေါင်းဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly