စီရော်နယ်ဒိုနဲ့ ရင်းနှီးတဲ့သူငယ်ချင်းမဖြစ်နိုင်ဘူးလို့ မက်ဆီဆို

စီရော်နယ်ဒိုနဲ့ ရင်းနှီးတဲ့သူငယ်ချင်းမဖြစ်နိုင်ဘူးလို့ မက်ဆီဆို

နိုဝင်ဘာ ၂၈၊ စပိန် ။           ။ မက်ဆီက သူနဲ့စီရော်နယ်ဒိုတို့ဟာ ရင်းနှီးတဲ့သူငယ်ချင်းတွေ မဖြစ်နိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။  လာလီဂါဂိုးသွင်းအများဆုံး ဆုပေးပွဲ အခမ်းအနားမှာ မက်ဆီက အခုလို ပြောဆိုလိုက်တာပါ။

မက်ဆီဟာပြီးခဲ့တဲ့ရာသီက လာလီဂါမှာ ၃၇ ဂိုးအထိသွင်းယူနိုင်ခဲ့လို့ ရွှေဖိနပ်ဆုကို လေးကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရွှေဖိနပ်ဆုရှင် ဆွာရက်ဇ်က သူ့ရဲ့အသင်းဖော် မက်ဆီကို ရွှေဖိနပ်ဆု ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီနောက် မက်ဆီကို အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။

မက်ဆီက ဒီဆုကို ရရှိခဲ့တာ ကံကောင်းတယ်လို့ ဆိုခဲ့ပြီး ဒီဆုက အားလုံးအတွက် ရည်ညွှန်းပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မက်ဆီက သူနဲ့စီရော်နယ်ဒိုတို့ဟာ ဘယ်လိုမှ ရင်းနှီးတဲ့သူငယ်ချင်းတွေမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ရင်းနှီးတဲ့သူငယ်ချင်းဖြစ်ဖို့ ဆိုတာ အရာရာကို ဖွင့်ဟတိုင်ပင်ဖို့ အတူတကွရှိနေတဲ့အချိန်တွေအများကြီးလိုအပ်တာကြောင့်ပါတဲ့။ သူနဲ့စီရော်နယ်ဒိုတို့ကတော့ တစ်နှစ်တစ်ခါကျင်းပတဲ့ ဆုပေးပွဲတွေမှာသာ တွေ့ဆုံလေ့ရှိတာကြောင့် သူငယ်ချင်းဖြစ်ဖို့ မလွယ်ပါဘူးလို့ ဆိုခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ပြီးခဲ့တဲ့ရက်ပိုင်းကမှ စာချုပ်သစ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ စာချုပ်သစ်အရ မက်ဆီဟာ တစ်ပတ်လုပ်ခလစာငွေ ပေါင် ၅ သိန်းရရှိမှာ ဖြစ်ပြီး လက်မှတ်ထိုးကြေးအဖြစ် ပေါင်းသန်း ၈၀ ရရှိမှာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်းက ၂၀၂၁ ခုနှစ်အထိဖြစ်ပြီး မက်ဆီကို အခြားအသင်းတစ်သင်းက ခေါ်ယူလိုတယ်ဆိုရင် လျော်ကြေး ပေါင် ၆၂၆ သန်းပေးချေရမယ်ဆိုတဲ့အချက်ကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားပါတယ်။

ရည်ညွှန်း အေအက်ဖ်ပီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly