သီတဂူ ဆရာတော်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ တွေ့ဆုံ

သီတဂူ ဆရာတော်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ တွေ့ဆုံ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

နိုဝင်ဘာ ၂၈ ။          ။ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ သီတဂူ ဆရာတော်ကြီးတို့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက် ရန်ကုန်မြို့ရှိ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် နေအိမ်မှာ ပြုလုပ်တဲ့ ဘာသာရေး ခေါင်းဆောင်တွေ တွေ့ဆုံတဲ့ အစည်းအဝေးတစ်ခုအပြီး ပုပ်ရဟန်းမင်းကြီးနဲ့ သီတဂူ ဆရာတော်တို့ သီးခြားစီ သက်သက်တွေ့ဆုံခဲ့တာဖြစ်တယ်လို့ ဗာတီကန် ပြောခွင့်ရပုဂ္ဂိုလ် Greg Burke က ပြောပါတယ်။

ယခု တွေ့ဆုံမှုဟာ ငြိမ်းချမ်းစွာနဲ့ ညီရင်းအကိုရင်းပမာ အတူယှဉ်တွဲနေထိုင်ခြင်းကသာလျင် ရှေ့ဆက်သွား နိုင်မယ့် တစ်ခုတည်းသောလမ်းဖြစ်တယ်ဆိုတာကို အားပေးဖို့ ကြိုးပမ်းမှု တစ်ရပ်ဖြစ်တယ်လို့လည်း Burke က ပြောပါတယ်။

မြန်မာနိုင်ငံတွင်းရှိ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မွတ်ဆလင်၊ ခရစ်ယာန်၊ ဂျူးဘာသာတို့က သက်ဆိုင်ရာ ခေါင်းဆောင် များ အကြား မိနစ် ၄၀ ကြာ တွေ့ဆုံပွဲမှာတော့ မတူညီကွဲပြားမှုများအတွင်း စုစည်းညီညွတ်ကြရမယ်် ဖြစ်တယ်ဆိုသော သတင်းစကားကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အလေးထားပြောကြားခဲ့တယ်လို့ ဗာတီကန်က ပြောပါတယ်။

ပြည်တွင်းက ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ နိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ အတူတကွ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ အကယ်၍ ၎င်းတို့အကြား အငြင်းပွားစကားများနေမည်ဆိုပါကလည်း ၎င်းတို့အနေနဲ့ ခဏတစ်ဖြုတ် စကားများ၊ နောက်ကျရင် ပြန်အဆင်ပြေသွားကြတတ်တဲ့ ညီအကိုတွေလိုပဲ ငြင်းခုံသင့်ပါတယ်ဆိုပြီး ပုပ်ရဟန်းမင်းကြီး ကပြောကြားခဲ့တယ်လို့ Burke က ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆက်လက်ပြီး ယနေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာလည်း နေပြည်တော်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံသွားဖို့ ရှိနေပါတယ်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ တည်ထောင်သူလည်းဖြစ်တဲ့ သီတဂူ ဆရာတော် ဦးဉာဏိဿရ ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မတိုင်ခင် ပုပ်ရဟန်းမင်းဖြစ်တဲ့ Benedit XVI နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

သီတဂူ ဆရာတော်ကြီးကတော့ မြန်မာနိုင်ငံမှာ အထင်ရှားဆုံး ဆရာတော်များအနက်က တစ်ပါး ဖြစ်သလို ကုသိုလ်ဖြစ် လူသားချင်းစာနာမှု လုပ်ငန်းအများအပြားကိုလည်း ဦးစီးဆောင်ရွက်နေသူဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ထံသို့ သီတဂူဆရာတော်အပါအဝင် ဘာသာရေးခေါင်းဆောင်များဟာ ယနေ့ နံနက်ပိုင်းက ပုပ်ရဟန်းမင်းကြီးဖရန်စစ် တည်းခိုရာနေရာကို လာရောက်တွေ့ဆုံခဲ့ပြီး
ပြန်အထွက်မှာတော့ သီတဂူဆရာတော်ကြီးက'' ​ဘဝတုသဗ္ဗမင်္ဂလာ''လို့ပဲ ပြောချင်တယ်လို့  မိန့်ကြားခဲ့ပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly