ကျောက်ကပ်ပျက်စီးစေသော အစားအစာများ (အပိုင်း ၁)

ကျောက်ကပ်ပျက်စီးစေသော အစားအစာများ (အပိုင်း ၁)

 

မေး။   ။ ဆီးနဲ့ ကျောက်ကပ် ပါရဂူအထူးကုဆရာဝန်ကြီး ဦးခင်မောင်မောင်သန်း ခင်ဗျာ။ ကျောက်ကပ်က ဘာကိုအဓိကလုပ်တယ်ဆိုတာကို ဆရာကြီးပထမဆုံးအနေနဲ့ ရှင်းပြပေးပါလားခင်ဗျာ။

ဖြေ။    ။ ဟုတ်ကဲ့ အလွယ်ဆုံးနဲ့ အတိုဆုံးပြောရရင်တော့ ကျောက်ကပ်ရဲ့ အဓိကလုပ်ငန်းကတော့ ဆီးထုတ်တာပေါ့နော်။ ကျွန်တော်တို့ကဆီးထုတ်တယ်ဆိုတဲ့နေရာမှာ ဆီးထွက်ရုံတင်မဟုတ်ဘူးဆီးထဲမှာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အညစ်အကြေးတွေကိုသူကသယ်ယူသွားပြီးတော့ လိုအပ်တဲ့ပစ္စည်းတွေကို ပြန်လည် သိမ်းသိမ်းထားဖို့ကလည်းသူ့ရဲ့ အဓိကလုပ်ငန်းဖြစ်ပါတယ်။ အဲဒါကတော့ သူရဲ့ ထင်သာမြင်သာတဲ့ လုပ်ငန်းလို့ပဲပြောလို့ရပါတယ်။

မေး။   ။ ကွမ်းစားတယ်ဆိုလို့ရှိရင် ကျောက်ကပ်ကို ပျက်စီးစေတယ်ဆိုတဲ့ အကြောင်းအရင်းတစ်ခုပါမယ်လို့ ထင်ပါတယ်။ အဲဒီတော့ ကွမ်းစားတယ်ဆိုတာ ဘာကြောင့် ကျောက်ကပ်ကို သွားပြီးတော့မှ ဒုက္ခပေးတာလဲ။ နောက်ထပ်တစ်ခုက တညင်းသီးမစားရတာရှိတယ်။  ကျောက်ကပ်ကို အန္တရာယ်ပေးနိုင်တဲ့ အစားအစားတွေက ဘာတွေများရှိမလဲ။ ဘာကြောင့် အန္တရာယ် ပေးရတာလဲခင်ဗျ။

ဖြေ။    ။ ဟုတ်ကဲ့ ကွမ်းကတော့ အခုဆို မြန်မာပြည်မှာလည်း တော်တော်များများ စားလာကြတယ်ပေါ့နော်။ အဓိကကွမ်းမှာ ပြဿနာဖြစ်တာကတော့ အထဲမှာပါတဲ့ ထုံးဓါတ်နဲ့ တချို့သောကွမ်းသီးတွေပေါ့နော် သူတို့ကတော့ ဆီးလမး်ကြောင်းမှာ ကျောက်တည်တဲ့အပိုင်းကို ပိုမိုဖြစ်စေတယ်ပေါ့နော်။ ဒီဟာကတော့ ဆီးကျောက်တည်နိုင်တယ် ဆီးကျောက်ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာသူ့ရဲ့ အကျိုးဆက်အနေနဲ့ ဆီးပိုးဝင်တာတို့ နောက်ဆုံးမှာကျောက်ကပ်ပျက်စိီးတဲ့အထိ ဖြစ်နိုင်တယ်ပေါ့နော်။ နောက်တစ်ခုကတော့ အခုနောက်ပိုင်းမှာတွေ့လာတာက ကျွန်တော်တို့မှာ ကွမ်းထဲမှာပါတဲ့ မြန်မာဆေးတို့ တခြားဆေးတွေပေါ့နော် အဲဒီဆေးတွေကိုယ်တိုင်ကတော့ တချို့က ကျောက်ကပ်ကိုတိုက်ရိုက် ပျက်စီးစေနိုင်တဲ့ အနေအထားရှိပါတယ်။ ဒါကတော့ နည်းနည်းပါးပါး ဆိုရင်တော့ သိပ်မသိသာပေမယ့် စွဲစွဲမြဲမြဲစားလာရင်တော့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အစားအသောက်ထဲမှာတော့ တညင်းသီးကတော့ ကျွန်တော်တို့ကိုယ်တိုင်လည်း တညင်းသီးစားပြီးတော့ ကျောက်ကပ်ပျက်သွားလို့ ကျောက်ကပ် သန့်စင်စက်နဲ့ ဆေးကြောပြီးတော့ ကုသပေးရတဲ့ လူနာတွေ ရှိပါတယ်။ သို့သော် အဓိကကတော့ ဘာလဲဆိုရင် တညင်းသီးရဲ့ အခွံမှာပါတဲ့ ဓာတ်တစ်မျိုးက ဂျင်ကောလစ်အက်ဆစ်က ကျောက်ကပ်အပေါ်မှာအဆိပ်အတောက် ဖြစ်စေတယ်ပေါ့။ ဒါကြောင့်မိုလို့ တချို့တွေကတညင်းသီိးကို သေသေချာချာပြုတ်ပြီးတော့ အခွံတွေဘာတွေ ဖယ်လိုက်လို့ရှိရင်တော့ အဆိပ်အတောက် နည်းသွားတယ်လို့ ဆိုကြတယ်ပေါ့နော်။ နည်းတာများတာ တစ်ခုတည်း မဟုတ်ပါဘူး သူကတစ်ခါတစ်လေ အခန့်မသင့်ရင်လည်း နှစ်လုံးသုံးလုံးနဲ့တင်လည်း ပျက်သွားနိုင်ပေမယ့် များများစားရင်တော့လည်း ပိုပြီးတော့ ထိခိုက်နိုင်တာတော့ ရှိတာပေါ့လေ။ သို့သော် တချို့တွေလည်းအများကြီးစားနေပြီးတော့ ဘာမှမဖြစ်တဲ့လူတွေလည်းအများကြီးပါပဲ။ တခြားအစားအသောက်ထဲကတော့ ဘယ်ဟာကတိုက်ရိုက်ဖြစ်တယ်ဆိုတာသိပ်အများကြီးမရှိပါဘူး။ တန်ဆေးလွန်ဘေးပေါ့နော်။ ဒီသဘောပါပဲ။ အထူးသဖြင့်ကတော့ ကျောက်ကပ်မကောင်းတဲ့ လူနာတွေမှာတော့ အသားဓာတ်ကိုတော့ လျော့စားခိုင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသားဓာတ်တွေ ပိုများလာရင် ကျောက်ကပ်ပိုပြီးတော့ အန္တရာယ် ရှိတဲ့အတွက်ကြောင့်ပါ။

မေး။   ။တညင်းသီးကို နည်းနည်းစားတဲ့လူက ဖြစ်ချင်လည်းဖြစ်တယ် များများစားတဲ့လူက မဖြစ်ချင်လည်း မဖြစ်ဘူးဆိုမျိုးက ဘယ်အခြေအနေပေါ်မှာ မူတည်ပြီးတော့မှ ဖြစ်တယ်မဖြစ်ဘူး ပြောလို့ရလဲခင်ဗျာ။

ဖြေ။    ။ လူရဲ့ မူလကိုယ်ခံအားပေါ်မှာလည်းမူတည်မယ်လို့ ကျွန်တော် ယူဆပါတယ်။ ခုနကပြောတဲ့ ကျွန်တော်တို့က နှစ်လုံးသုံးလုံးလောက်နဲ့တင်ပဲတကယ်အဆိပ်အတောက်ဖြစ်သွားတာတွေလည်း ကျွန်တော်တို့ တွေ့ရပါတယ်။ အလုံး ၂၀-၃၀ လောက် စားပြီးတော့ ဘာမှမဖြစ်တဲ့လူတွေလည်း ရှိတာပေါ့နော်။ ဆိုတော့ တစ်ခါတစ်လေအခန့်မသင့်တဲ့အခါကျရင် အရင်စားနေတုန်းကဘာမှမဖြစ်ပဲနဲ့ နောက်မှ ဖြစ်လာတာမျိုးတွေလည်း ကျွန်တော်တို့ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေသိပ်များလာရင်တော့ မကောင်းဘူးဆိုတဲ့ သဘောလေးရှိတာပေါ့နော်။

မေး။   ။ ပြုတ်စားရင်ရော အန္တရာယ်ကင်းနိုင်လား။

ဖြေ။    ။ အဓိကကတော့ အဲဒီအခွံထဲမှာပါတဲ့ ဓာတ်တစ်ခုပေါ့ ဒါကသူတို့တွေ့ရှိချက်အရ အဆိပ်အတောက် ဖြစ်စေတာပေါ့နော်။ အဲဒါကိုအခွံခွာပြီးတော့ သေသေချာချာ ပြုတ်နိုင်မယ်ဆိုရင်တော့ ပိုကောင်းမယ်လို့ ထင်တယ်။ သို့သော် တကယ်တမ်း တညင်းသီးကြိုက်တဲ့လူတွေကတော့ အဲဒီလိုမျိုးသိပ်ပြီးတော့ မစားကြဘူးပေါ့။ ပြုတ်လိုက်လို့ရှိရင် အရသာအနေနဲ့ တညင်းသီးထဲမှာ သိပ်မကောင်းဘူးလို့ ယူဆကြပြီးတချို့က သိပ်မကြိုက်ကြဘူးပေါ့။

မေး။   ။ အရောင်တွေပါတဲ့ စားစရာတွေကတော့ ကျောက်ကပ်ကို ထိနိုင်လား။

ဖြေ။    ။ ဟုတ်ကဲ့ပါ။ အဲဒီအရောင်တွေပါတဲ့ဟာတွေကတော့ တချို့ အစားအသောက်တွေမှာထည့်တဲ့ ပစ္စည်းတွေပေါ့ ဓါတုပစ္စည်းပေ့ါလေ။ အဲဒီဓာတုပစ္စည်းတချို့ဟာတွေကတော့ ကျောက်ကပ်ကို ထိခိုက်နိုင်ပါတယ်။

မေး။   ။ ယေဘုယျသုံးသပ်လို့ရှိရင် အရောင်ပါတဲ့ အစားအစာတွေကပိုပြီးတော့မှ ကျောက်ကပ်ကိုထိခိုက်နိုင်လား။ အဲဒါ ဘာဖြစ်လို့လဲ။

ဖြေ။    ။ ပိုပြီးတော့ သတိထားရမှာပေါ့။ အစားအစာထဲမှာပါတဲ့ ဓါတုပစ္စည်းတချို့ဟာတွေက ကျောက်ကပ်ရောင်ခြင်းတို့ နောက်တစ်ခုကကျောက်ကပ်ရဲ့ ပေါ်မှာတိုက်ရိုက် ထိခိုက်နိုင်တဲ့ ပစ္စည်းလေးတွေလည်းရှိပါတယ်။ ဒါပေမယ့် သူကဘယ်လိုဟာမျိုးသုံးတယ် ဘယ်လောက်သုံးတယ် ဆိုတဲ့အပေါ်မှာလည်းမူတည်တဲ့သဘောရှိပါတယ်။

မေး။   ။ ကျောက်ကပ်ကိုကျန်းမာရေးကောင်းစေမယ့် ခံနိုင်ရည်ရှိစေမယ့် လေ့ကျင့်ခန်းပဲဖြစ်ဖြစ် အစားအသောက်ပဲဖြစ်ဖြစ် အဲဒါမျိုးရှိရင်လည်းဆရာကြီးအကြံပေးပါဦးခင်ဗျာ။

ဖြေ။    ။ ဘယ်အစားအသောက် ကောင်းတယ်ဆိုတာတော့ မရှိပါဘူး။ လူတွေကပြောကြတယ် ကျွန်တော်တို့ ဆေးလောကမှာလည်းရေများများသောက်ရင် ကောင်းတယ်ပေါ့လေ။ ဒါကတော့ အခြေခံသဘောတရားအရရေများများသောက်တော့ ဆီးများများထွက်တာပေါ့လေ။ အဲဒီတော့ သူကတော့ တနည်းအားဖြင့်ပြောရရင် ဗိုက်ဆေးတဲ့သဘောမျိုး ဖြစ်သွားတယ်။ အဲဒါကတော့ တစ်နေ့ကိုရေဘယ်လောက်သောက်ရင် အကောင်းဆုံးလဲဆိုတာကတော့ ပုံသေမရှိပါဘူး။ လူတွေကတော့ အမျိုးမျိုးပြောကြတယ်ပေါ့နော်။ သို့သော် ကျွန်တော်တို့ မှန်းခြေတစ်ခုအနေနဲ့ကတော့ ပုံမှန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကိုရေ ၂ ပုလင်းသို့မဟုတ် ၃ ပုလင်းပေါ့လေ။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ တစ်နေ့ကို ၂ ပုလင်းကိုတော်ာတော်ကိုသောက်ယူရတာပါ။ ဒါကြောင့်မို့ တစ်ချို့ကတော့ လေးပုလင်းခြောက်ပုလင်းသောက်မှ ကောင်းတယ်လို့ ပြောကြတယ်။ အဲဒီလောက်ကြီးလည်းမဟုတ်ပါဘူး။

မေး။   ။ အန္တရာယ်ဖြစ်စေတဲ့ ကျောက်ကပ် ဖြစ်လာပြီဆိုရင် ဘယ်လက္ခဏာတွေကနေစလဲ။

ဖြေ။    ။ အဲဒါကတော့ ကျောက်ကပ် ဘယ်လိုထိခိုက်တယ်ဆိုတဲ့အပေါ်မှာမူတည်တယ်ခင်ဗျ။ ဥပမာအားဖြင့်ဆိုရင်တော့ ကျောက်ကပ်ရောင်ခြင်းခေါ်တာပေါ့။ ကျောက်ကပ်ရောင်ခြင်းဆိုတာကတော့ ကို်ယ်လက်တွေဖောလာတယ်။ ဗိုက်တင်းလာတယ်။ မျက်နှာတွေ အန်းလာတယ်။ နောက်ပိုင်းကျတော့ အတွင်းအင်္ဂါပိုင်းတွေပါ ဖောလာတယ်ပေါ့နော်။ ဒါကတော့ ကျောက်ကပ်မှာရှိတဲ့ ပြွန်လေးတွေ ရောင်သွားတာပေါ့နော်။ အဲဒီဟာကတော့ လက်တလောမှာတော့ ချက်ခြင်း ဖြစ်လေ့ဖြစ်ထမရှိဘူးသို့သော်လည်းအဲဒါကိုသေသေချာချာမကုရင်တော့ နောက်ပိုင်းမှာကျောက်ကပ် ပျက်ဆီးသွားနိုင်တယ်ဆိုတဲ့ အဆင့်ထိရောက်သွားနိုင်ပါတယ်။ နောက်တစ်ပိုင်းကတော့ ကျေက်ကပ်ပျက်စီးခြင်းပေါ့။ အဲဒါမှာလည်း ၂ မျိုးရှိပါတယ်။ ရုတ်တရက် ပျက်စီးခြင်းပေါ့။ အကောင်းကြီးကနေရုတ်တရက် ပျက်စီးတာပေါ့။ နောက်တစ်မျိုးကတော့ နာတာရှည် ပျက်စီးတယ်ပေါ့။ အဲဒါကတော ့ကျောက်ကပ် တဖြည်းဖြည်းနဲ့ ပိုပျက်လာပြီးတော့မှ နာတာရှည် ကျောက်ကပ်ပျက်စီးတယ်လို့ ကျွန်တော်တို့ကခေါ်ပါတယ်။ ရုတ်တရက်ဖြစ်တာကတော့ အဓိကအကျဆုံးကတော့ သူတို့ကဆီးမထွက်တော့ဘူး။ ဒါမှမဟုတ်ရင်လည်းခုနကပြောသလိုဖောရောင်လာတယ်။ နာတာရှည် ကျောက်ကပ်ပျက်စီးတဲ့အပိုင်းကတော့ နည်းနည်းလေးပိုပြီးတော့ ပြောရတာခက်တယ်။ ဘာဖြစ်လို့လဲဆိုောတ့ သူက ဖြည်းဖြည်းချင်းဖြစ်တယ်။ တစ်ခါတစ်လေလည်း နှစ်ရှည်လများ ဖြစ်တဲ့အတွက်ကြောင့် တစ်ခါတစ်လေမသိသာဘူး။ ဒါကြောင့်မို့လည်းလူနာတွေကသူကိုယ်သူကောင်းတယ်ဆိုပြီးတော့ လျှောက်သွားနေပြီး ကျွန်တော်တို့ဆီကိုရောက်လာတဲ့အချိန်မှာဘာမှလုပ်လို့မရဘဲနဲ့ ကျောက်ကပ် လုံးဝပျက်စီးသွားတဲ့ အနေအထားတွေနဲ့မှ ရောက်လာတဲ့ လူနာတွေလည်းအများကြီးရှိပါတယ်။ အဲဒီအထဲမှာအများဆုံးသတိထားရတာကတော့ ဆီးတဖြည်းဖြည်းနည်းလာနိုင်တယ်။ သွေးအားနည်းလာနိုင်တယ်။ မောတယ်။ ပင်ပင်ပန်းပန်းလှုပ်ရှားတာမခံနိုင်ဘူး။ လူက နှေးကွေးလာတယ်။ အစားအသောက်တွေ ပျက်လာတယ်။ အဲဒီလိုမျိုးတွေ ဖြစ်လာတတ်တယ်ပေါ့နော်။ ဒီထက် သိပ်များလာတဲ့အခါကျရင်တော့ အစားအသောက်တွေ စားချင်စိတ် မရှိတော့ဘူးပျို့တယ် အန်တယ် ဘာစားစားစားလို့မရဘူး။ ဒါမျိုးတွေ ဖြစ်လာတာပေါ့။   

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required