ငြိမ်းချမ်းရေးတည်ဆောက်စဉ် နားလည်မှုလွဲမှားစေနိုင်သည့်ကိစ္စများ ရှောင်ရှားဖို့ ဒုတပ်ချုပ် ပြော

ငြိမ်းချမ်းရေးတည်ဆောက်စဉ် နားလည်မှုလွဲမှားစေနိုင်သည့်ကိစ္စများ ရှောင်ရှားဖို့ ဒုတပ်ချုပ် ပြော
JICM အစည်းအဝေးသို့ တက်ရောက်လာသည့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုဝင်ဘာ ၂၇ရက်က တွေ့ရစဉ်(ဓာတ်ပုံ- ဟောင်ဆာ(ရာမည)/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၂၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ငြိမ်းချမ်းရေးတည်ဆောက်နေချိန် ကြားကာလအတွင်း နားလည်မှုလွဲမှားစေနိုင်သည့် ကိစ္စရပ်များ ရှေ့တန်းမတင်ရန်နှင့် အချက်အချို့ကို ရှောင်ရှားရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားလိုက်သည်။

“ကြားကာလများမှာ နားလည်မှုလွဲမှားစေနိုင်တဲ့ ကိစ္စရပ်များရှေ့တန်းတင်ခြင်း၊ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအပေါ် ဝင်ရောက်စွက်ဖက်ခြင်း၊ ကျော်လွှားလုပ်ဆောင်ခြင်းစသည့် ရှောင်ရန်အချက်များကို လက်အောက်မှ တပ်ဖွဲ့ဝင်များအထိ စောင့်ထိန်းလိုက်နာကြဖို့လည်း လမ်းညွှန်ကြီးကြပ်ပေးကြဖို့ လိုအပ်ကြောင်း ဆွေးနွေးလိုပါတယ်” ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

နေပြည်တော်ရှိ NRPC တွင် နိုဝင်ဘာ ၂၇ရက်က ကျင်းပသည့် JICM ခေါ် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားစဉ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုသို့ ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒါ့အပြင် NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးအဖြေရှာပြီးမှ အကြောင်းအမျိုးမျိုးကြောင့် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးတဲ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ညီအစ်ကို လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကိုလည်း NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမယ့် နိုင်ငံရေးယဉ်ကျေးမှု အသစ်တစ်ရပ်အဖြစ် ဆောင်ရွက်ရာမှာ ဒီလိုနိုင်ငံရေးစားပွဲဝိုင်းများသို့ တက်ကြွစွာ ပါဝင်လာရေး၊ JICM ၊ UPDJC ရဲ့ အဖွဲ့ဝင်များအားလုံးက တက်ကြွစာ ဆွေးနွေးစည်းရုံးပြီး အဲ့ဒီအဖွဲ့တွေ ပါဝင်လက်တွဲလာနိုင်အောင်လည်း ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်” ဟုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးက ပြောသည်။

တပ်မတော်အနေဖြင့်မူ ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားလျက် တပ်မတော်၏ ငြိမ်းချမ်းရေးမူ ၆ရပ်နှင့်အညီ ခိုင်မာစွာဆက်လက် ရည်တည်ပြီး အစိုးရ၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အကောင်အထည်ဖော်မှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်သွားမည်ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီးက ဆက်လက် ပြောဆိုသည်။

ယနေ့ကျင်းပသည့် JICM အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အဖြေရှာရာတွင် သတ္တိရှိကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

ယနေ့အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးသည့် ရှမ်းပြည်နယ်အတွက် လင်းခေးမြို့တွင် ကျင်းပရန် သဘောတူညီမှု ရရှိခဲ့သည်။

နောက်ထပ် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးသည့် ရခိုင်ပြည်နယ်တွင် ဆွေးနွေးပွဲ ကျင်းပနိုင်ရေးကိုလည်း ဆက်လက်ညှိနှိုင်းသွားမည်ဟု NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အစုအဖွဲ့မှ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ပြင် ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို လာမည့် ဇန်နဝါရီ နောက်ဆုံးပတ်အတွင်း ကျင်းပရန်လည်း ယနေ့ကျင်းပသည့် JICM အစည်းအဝေးက သဘောတူခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly