သင့်စိတ်ခံစားမှုအပေါ် အားကစား၏ အကျိုးသက်ရောက်မှု

သင့်စိတ်ခံစားမှုအပေါ် အားကစား၏ အကျိုးသက်ရောက်မှု

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အားကစားပြုလုပ်ခြင်းဟာ သင့်ရဲ့ စိတ်နဲ့ခန္ဓာနှစ်ခုစလုံးကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ဘယ်အားကစားမျိုးကိုပဲ လုပ်လုပ် လိုအပ်မှာဖြစ်တဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုကို ခဏဘေးဖယ်ထားမယ်ဆိုရင် သင့်အနေနဲ့ အားကစားပြုလုပ်တဲ့အခါ အာရုံစူးစိုက်နိုင်ဖို့အတွက် စိတ်ဓာတ်အားကောင်းဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ဒါ့အပြင် သင့်ရဲ့ စိတ်ခံစားမှုကို တက်ကြွစေ၊မြှင့်တင်ပေးစေတဲ့ endorphins လိုမျိုး ဓာတ်ပစ္စည်းတွေလည်း (ဘယ်လိုအားကစားမျိုးကိုပဲ လုပ်လုပ်) ထွက်လာစေပါသေးတယ်။ ဒါပေမယ့် သတိပြုသင့်တဲ့အချက်က အားကစားပြုလုပ်ခြင်းဟာ အပျော်သက်သက်ချည်းပဲတော့ မဟုတ်ပါဘူး။

စိတ်ခံစားမှုအရ ဘယ်လိုကောင်းကျိုးတွေ ဖြစ်စေသလဲ။

အားကစားပွဲတွေမှာ ပါဝင်ကစားမယ်ဆိုရင် သင့်အနေနဲ့ စိတ်ဓာတ်ကျတာတွေ နည်းသွားမှာ ဖြစ်ပါတယ်။ Michael Babyak ဦးဆောင်တဲ့ သုတေသန အဖွဲ့ဟာ စိတ်ကျရောဂါခံစားနေရသူတွေကို အုပ်စုလေးတွေခွဲပြီး လေ့လာမှု ပြုခဲ့ကြပါတယ်။ ဒီလေ့လာချက်အရ အားကစားလှုပ်ရှားမှုတွေကို လေးလတိတိပြုလုပ်ခဲ့တဲ့ စိတ်ကျဝေဒနာရှင်တွေဟာ ဆေးချည်းပဲသောက်တဲ့၊ ဒါမှမဟုတ် ဆေးသောက်တာနဲ့ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာကို တွဲပြီး ကုသမှုခံယူတဲ့ ဝေဒနာရှင်တွေထက် စိတ်ကျရောဂါလက္ခဏာတွေ ပိုနည်းသွားတယ် ဒါမှမဟုတ် လုံးဝမရှိတော့ဖူးဆိုတာ တွေ့ရှိခဲ့ရပါတယ်။

အားကစားလုပ်တာဟာ ဆယ်ကျော်သက်၊မြီးကောင်းပေါက်တွေမှာ စိတ်ဓာတ်ကျတာကို ကုသပေးနိုင်တဲ့ နည်းလမ်းကောင်းတခုပဲလို့ ၂၀၀၆ ခုနှစ်ကထုတ်ဝေခဲ့တဲ့  စိတ်ပညာဂျာနယ်ပါ လေ့လာချက်ဆောင်းပါးတခုကို ကိုးကားပြီး အမေရိကန်အားကစားဆိုင်ရာဆေးပညာ ကောလိပ်က ဆိုပါတယ်။

စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်တယ်။

 “ သင့်အနေနဲ့ စိုးရိမ်ပူပန်မှုသောကတွေ လျော့နည်းလိုပါသလား၊အားကစားလုပ်ပါ” လို့ ၂၀၀၅ခုနှစ် ဒီဇင်ဘာကထုတ်ဝေတဲ့ အမေရိကန် စိတ်ပညာဂျာနယ် ကဆိုပါတယ်။ စိုးရိမ်ပူပန်မှုလွန်ကဲခြင်း ဝေဒနာခံစားနေရတဲ့ လူနာတွေကို နာရီဝက် တိတိ အားကစားလုပ်ပြီးကာစ အုပ်စုနဲ့ ဘာမှမလုပ်ဘဲ နားနေတဲ့ အုပ်စုဆိုပြီး အုပ်စုနှစ်စု ခွဲပါတယ်။ ဒီ့နောက် အုပ်စုနှစ်ခုလုံးမှာ ပါဝင်သူတွေကို ဆေးတမျိုးထိုးပြီး panic attack လို့ခေါ်တဲ့ ရုတ်တရက် ဂနာမငြိမ်၊ချွေးစေးပျံပြီး မတည်မငြိမ်ဖြစ်အောင် တမင်ပြုလုပ်လိုက်တဲ့အခါ အုပ်စုနှစ်စုလုံးဟာ အစိုးရိမ်လွန်၊ဂနာမငြိမ်ဖြစ်တဲ့ လက္ခဏာတွေ ပြလာပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ပြီးကာစ အုပ်စုမှာ ဒီလိုမျိုးဖြစ်တဲ့သူအရေအတွက်ဟာ အားကစားမလုပ်ဘဲ နားနေတဲ့ တဖက်အုပ်စုမှာ ဖြစ်တဲ့သူအရေအတွက်ထက် သိသိသာသာကြီးကို လျော့နည်းလို့ နေပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုကို တိုးလာစေတယ်။

သင့်အနေနဲ့ စိတ်ဓာတ်ကျတာတွေလည်း နည်းသွားမယ်၊ စိုးရိမ်သောကတွေလည်း မရှိတော့ပါဘူး၊ အကောင်းမြင်စိတ်တွေလည်း ပိုလာပြီဆိုရင် မိမိကိုယ်ကို ယုံကြည်မှုတွေ ပိုတိုးလို့ လာမှာပဲ ဖြစ်ပါတယ်။ အားကစားသမားတွေဟာ တနေ့တခြား အားအင်တွေ တိုးတိုးလာတဲ့အတွက် လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ ပိုလို့လွယ်ကူလာစေတယ်လို့ Princeton တက္ကသိုလ်ရှိ ပညာရှင်တွေက ဆိုပါတယ်။အလားတူ နယူးယောခ့် ကျန်းမာရေးဌာနက ပညာရှင်တွေရဲ့အလိုအရလည်း နေ့စဉ်အားကစားလုပ်ပေးခြင်းဟာ မိမိကိုယ်ကို ယုံကြည်မှုကို မြင့်မားစေပြီး အမှီအခိုကင်းတဲ့ စိတ်ကိုဖြစ်စေတယ်လို့ ဆိုပါတယ်။

စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်တယ်။

 ပြေးတာပဲ ဖြစ်ဖြစ် ဘောလုံးကန်တာပဲ ဖြစ်ဖြစ် ဘယ်လိုအားကစားမျိုးကိုပဲ လုပ်လုပ် ဒါဟာ လေ့ကျင့်ခန်းဖြစ်ပြီး လေ့ကျင့်ခန်းလုပ်တာဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းကြောင့် endorphins လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတမျိုးကို ဦးနှောက်က ထွက်ရှိစေပြီး endorphins ဟာ စိတ်လက်ကြည်သာစေကာ ဖိအားတွေကို လျော့ကျစေပါတယ်။အလွယ်တကူ မြင်သာအောင် ပြောမယ်ဆိုရင် ကစားပွဲတခုခုမှာ သင်အာရုံစိုက်နေရင် စိုးရိမ်ပူပန်မှုတွေ၊သောကတွေကို တွေးဖို့သင်သတိမရတော့ပါဖူး။ဒါဟာ အရှင်းဆုံး အချက်ပါပဲ။အားကစားလုပ်ခြင်းဟာ သင့်ခန္ဓာကိုယ်အပူချိန်ကို မြှင့်တင်ပေးနိုင်ပြီး အကျိုးဆက်အနေနဲ့ သင့်စိတ်ကို တည်ငြိမ်စေပါတယ်။

ခန္ဓာကိုယ် အချိုးအစား ပိုကြည့်ကောင်းလာမယ်။

 ဒီအချက်က ပြောနေဖို့တောင် မလိုပါဖူး။အားကစားလုပ်တဲ့အခါ အဆီပိုတွေကျတဲ့အတွက် ဝသူတွေပိန်ပြီး၊ပိန်သူတွေ ကြွက်သားထွက်လာကာ အရင်ကထက် ပိုကြည့်ကောင်လာတဲ့အတွက် ကိုယ့်ကိုယ်ကို ပိုကျေနပ်လာပါမယ်။” မိမိကိုယ်ကို ကျေနပ်မှု ပိုရှိလာခြင်း” ဟာ အားကစားလုပ်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတစ်ခုလို့ “ အသုံးချ အားကစားစိတ်ပညာ အသင်းကြီး” က တရားဝင် စာရင်းတို့ထားပါတယ်။လူပေါင်း ရ၀၀၀နီးနီးမှာ ပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရလည်း အဆိုပါ အချက်ကို ထောက်ခံနေတာကို တွေ့ရပါတယ်။အားကစားလုပ်တဲ့ ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်ကြတယ်လို့လည်း သိရှိရပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိစေတဲ့ အချက်များ

 ဒင်္ဂါးပြားရဲ့ မျက်နှာစာ နှစ်ဖက်လိုပါပဲ၊ ကောင်းတာနဲ့ မကောင်းတာဟာ အမြဲဒွန်တွဲနေပါတယ်။ အနိုင်ရလိုစိတ်ပြင်းထန်လာတာနဲ့ ရန်လိုဒေါသကြီးလာတာတွေဟာ ဆယ်ကျော်သက်တွေအတွက် မကောင်းတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ San Diego မှာရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်ကပြုလုပ်တဲ့ ၂၀၁၁ သုတေသန စာတမ်းအရ ရှုံးနိမ့်မှုကြောင့် ဒေါသထွက်ခြင်းက ဘောလုံးသမားတွေ အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်တဲ့နှုန်းကို (ချစ်သူ/မိန်းမ ကိုရိုက်နှက်တာ) ဆယ်ရာခိုင်နှုန်းလောက်ပိုလာစေတယ်လို့ ဆိုပါတယ်။ကစားရင်း ထိခိုက်ဒဏ်ရာရပြီး အနားယူနေရတဲ့ အားကစားသမားတွေ အနေနဲ့လည်း ပျင်းရိတာ၊စိတ်ဓာတ်ကျတာ၊ မချင့်မရဲ ဖြစ်တာ အစရှိတဲ့ စိတ်ခံစားမှုတွေကို ခံစားရလေ့ရှိတယ်လို့ သိရပါတယ်။ ဒီဒဏ်ရာတွေကြောင့် ပင်ပန်းနွမ်းနယ်တာ၊ စိတ်တင်းကြပ်တာ၊ ရန်လိုတာ၊ ဒွိဟများတာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။

ဒီလိုမျိုး မကောင်းတဲ့ စိတ်ခံစားမှုတွေဟာ သင့်ရဲ့ စိတ်ကျန်းမာရေးကို ဒုက္ခပေးနိုင်ပါတယ်။ သင့်ခံစားချက်တွေက သင့်ကိုနှိပ်စက်နေတာကြောင့် သင်ဟာ မိမိစွမ်းဆောင်ရည်တွေကို အရင်ကလို မယုံကြည်တော့ပါဘူး။ ပြိုင်ဆိုင် အနိုင်ယူနိုင်မယ်လို့လည်း ကိုယ့်ကိုယ်ကို မထင်တော့ပါဘူး။ မိမိကိုယ်ကို ယုံကြည်မှုတွေ ထိုးဆင်းသွားပြီး မကောင်းတဲ့ အတွေးတွေ၊မကောင်းတဲ့ ခံစားချက်တွေနဲ့ပဲ ပတ်ချာလည်နေပါတော့မယ်။ မကောင်းတဲ့ခံစားချက်တွေဟာ အားကောင်းပြင်းထန်လေ့ရှိတာမို့ သင့်အနေနဲ့ မိမိစွမ်းဆောင်ရည်ကောင်းစေဖို့ အာရုံစူးစိုက်နိုင်ခြင်း မရှိတော့ဘဲ ကိုယ့်ရဲ့ အားနည်းချက်တွေကိုပဲ စိတ်ကရောက်နေစေပါတယ်။နောက်ဆုံးမှာတော့ အားကစားလုပ်ရတာဟာ ပျော်စရာလည်းမကောင်း၊ကြိုက်လည်း မကြိုက်တော့တဲ့အတွက် အားကစားလုပ်ချင်စိတ်တွေ ပျောက်ဆုံးကုန်ပါတော့တယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly