နိုင်ငံမှာ လာရောက်ရင်းနှီးမြုှပ်နှံကြဖို့ နိုင်ငံခြားလုပ်ငန်းရှင်တွေကို မန္တလေးတိုင်းဝန်ကြီးချုပ် ဖိတ်ခေါ်

နိုင်ငံမှာ လာရောက်ရင်းနှီးမြုှပ်နှံကြဖို့ နိုင်ငံခြားလုပ်ငန်းရှင်တွေကို မန္တလေးတိုင်းဝန်ကြီးချုပ် ဖိတ်ခေါ်

 

နိုဝင်ဘာ ၂၇ ။                ။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ ရင်းနှီးမြုှပ်နှံမှုတွေလာရောက်လုပ်ဆောင်ကြဖို့ ပြည်ပလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပါကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာ ကွန်ဖရင့်တစ်ခုမှာ ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ အနောက် ဘန်ဂေါပြည်နယ် ကိုးလ်ကတ္တားမှာ နိုဝင်ဘာ ၂၆ ရက်က ကျင်းပတဲ့ နိုင်ငံတကာ ကွန်ဖရင့်တစ်ခုဖြစ်တဲ့ ၂၀၁၇ Horasis Asia အစည်းအဝေး မှာ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က အထက်ပါအတိုင်း တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။

အဆိုပါ အစည်းအဝေးကတော့ နိုဝင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာ နှစ်ရက်တာ ကျင်းပနေလျက်ရှိပါတယ်။

" မန္တလေးမှာ မြန်မြန်လာပြီး စီးပွားရေးလုပ်တာ ပိုကောင်းပါလိမ့်မယ်ဆိုပြီး စီးပွားရေး သမားတွေကို ကျွန်တော် အကြံပြုတိုက်တွန်းချင်ပါတယ်" ဆိုပြီး ဒေါက်တာ ဇော်မြင့်မောင်က ယင်းအစည်းအဝေးမှာ တက်ရောက်လာသူတွေကို ပြောသွားပါတယ်။

အဆိုပါ အစည်းအဝေးကတော့ စီးပွားရေးအသိုင်းအဝိုင်းက ဦးဆောင်သူတွေနဲ့အကြား အပြန်အလှန် ဆွေးနွေးနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်တယ်လို့လည်း ၎င်းက ပြောသွားပါတယ်။

" အိန္ဒိယနဲ့ မြန်မာ ဆိုတာက သမိုင်းကြောင်းချင်း တူညီနေပါတယ်၊ နှစ်နိုင်ငံစလုံးက တစ်ချိန်က ဗြိတိန်ကိုလိုနီ လက်အောက် ရောက်ခဲ့ကြရပြီး ကျွန်တော်တို့ နိုင်ငံတွေဟာ လွတ်လပ်ရေးရပြီးကတည်းက ကာလကြာခိုင်မာတဲ့ ဆက်ဆံရေးတစ်ရပ် ရှိခဲ့ကြပါတယ်" ဆိုပြီး ၎င်းက ပြောပါတယ်။

ယင်းအပြင် ပြီးခဲ့တဲ့ ကာလက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့တဲ့ ခရီးစဉ်ရဲ့ အရေးပါပုံကိုလည်း ၎င်းက ပြောဆိုသွားပါသေးတယ်။ ဒါ့အပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့တဲ့ ပုဂံ အာနန္ဒာ စေတီ ပြန်လည်ပြုပြင်ထိန်းသိမ်းရေးပိုင်းမှာ အိန္ဒိယဘက်က အကူအညီပေးမှုကိုလည်း မှတ်ချက်ပြုပြောသွားပါတယ်။

ယင်းအပြင် အရှေ့မျှော် မူဝါဒအပါအဝင် အိန္ဒိယအစိုးရရဲ့ မူဝါဒတွေကို ၎င်းအနေနဲ့ ကြိုဆိုပါကြောင်းလည်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ယင်းအပြင် မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ မန္တလေးရဲ့ အရေးပါပုံကိုလည်း ၎င်းက အလေးပေး ပြောသွားပါသေးတယ်။

အဆိုပါ အလယ်ပိုင်းဒေသ ယဉ်ကျေးမှု ဌာန မန္တလေးကနေ ပေးစွမ်းနေတဲ့ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေနဲ့ပတ်သက်လို့လည်း ၎င်းက ပြောသွားပြီး ယင်းဒေသမှာ ခရီးသွားနဲ့ ဟိုတယ်ကဏ္ဍ၊ SMEs လုပ်ငန်းတွေ ပေါများမှုရဲ့ အရေးပါပုံကိုပါ ပြောသွားခဲ့ပါတယ်။

၂၀၁၇ Horasis Asia အစည်းအဝေးကိုတော့ အနောက် ဘန်ဂေါ အစိုးရနဲ့ အိန္ဒိယ ကုန်သည်အသင်းတို့က ပူးတွဲစီစဉ်ကျင်းပတာဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပတဲ့အဆိုပါ Horasis Asia အစည်းအဝေးမှာတော့ ဒေသတွင်း စီးပွားရေးနဲ့ အစိုးရပိုင်းက အဆင့်မြင့်ခေါင်းဆောင်တွေ စုဝေးတက်ရောက်တဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်း ပိုမိုတိုးမြင့်ပူးပေါင်းသွားနိုင်မယ့်၊ ရင်းနှီးမြုှပ်နှံမှုတွေကို လှုံ့ဆော်နိုင်မယ့်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်စေနိုင်မယ့် ကိစ္စတွေကို ဖော်ထုတ်ဆွေးနွေးတဲ့ ပလက်ဖောင်းတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required