ပုပ်ရဟန်းမင်းကြီး နှင့် ငြိမ်းချမ်းရေးသံတော်

ပုပ်ရဟန်းမင်းကြီး နှင့် ငြိမ်းချမ်းရေးသံတော်
Photo-AFP

ယနေ့သည် ကမ္ဘာပေါ်ရှိ သတင်းစာများ ၊ မီဒီယာများ ၊ရုပ်သံများတွင် ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့လာရောက်လည်ပတ်မှု သတင်းများနှင့် ဝေဖြာနေမှာ အသေအချာပင် ဖြစ်သည်။ ပုပ်ရဟန်းမင်း အစဉ်အဆက်၏ ဒေသစာရီ ခရီးလှည့်လည်ခြင်းနှင့် လှုပ်ရှားမှုသတင်းသည် ကမ္ဘာ့မီဒီယာများက စိတ်ဝင်တစား အသားပေးဖော်ပြသည့် သတင်းပင်ဖြစ်တာကြောင့်ပင် ။

၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီမြို့၌ မွေးဖွားခဲ့ သော ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် (အမည်ရင်း - Jorge Mario Bergoglio )သည် ၊ အသက် ( ရ၆ ) နှစ်အရွယ် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ရိုမန်ကက်သလစ် သာသနာတော်၏ ၂၆၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးဖြစ်သည် ။ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ကက်သလစ်ဘာသာဝင်များ၏   ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးဖရန်စစ် ၏ မြန်မာပြည်ခရီးစဉ်သည် မြန်မာနိုင်ငံတွင် အမှတ်တရဖြစ် သလို ၊ ခရစ်ယာန်ဘာသာသမိုင်းတွင်လည်း   မြန်မာနိုင်ငံ၏လက်ရှိအခြေအနေများ ကြောင့် အထင်ကရဖြစ်နေမည်ဖြစ်ပြီး ကမ္ဘာကပင် အထူတလည်စိတ်ဝင်တစား ရှိနေသည်  ။ အမေရိကန်သမ္မတပြီးရင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ဒုတိယမြောက် အရေးအပါ ဆုံး မြန်မာနိုင်ငံခရီးစဉ်လည်းဖြစ်သည် ။ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုက်အဝန်းက ရခိုင်ဒေသမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုများ ၊ ဘာသာရေးခွဲခြားဖိနှိပ်မှု များ ၊  လူ့အခွင့် အရေးချိုးဖောက်မှုများရှိတယ်ဆိုကာ စွပ်စွဲနေချိန်လည်းဖြစ်သည် ။ ထိုသို့ မြန်မာနိုင်ငံ အနေဖြင့် အထိမခံရွှေပန်းကန်ဖြစ်နေချိန်တွင် မြန်မာနိုင်ငံမှ ကက်သလစ်ဘာသာဝင်များ၏ ခေါင်းဆောင် ပုပ်ရဟန်းမင်းကြီးဖရန်စစ် ကိုဖိတ်ခေါ်ခြင်း နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကလည်း လိုလိုလားလားပင် မြန်မာနိုင်ငံကအကောင် အထည်ဖော်ဆောင်နေတဲ့ နေတဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး ၊မေတ္တာနဲ့ ချစ်ခင်မှုတို့ကို လာရောက်ဟောပြောပေး ဘို့ လာရောက်ခြင်းဖြစ်သည်မှာ ထင်ရှားလှသည် ။

မကြာခင်ကာလကပင် မြန်မာနိုင်ငံအနှံ့အပြားတွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲများပြု လုပ်ခဲ့ ခြင်း၏ အဆက်ဖြစ်သည်ကို မြင်တွေ့ရသည် ။ မည်သို့ပင်ဆိုစေကာမူ မြန်မာ နိုင်ငံသည် ငြိမ်းချမ်းရေးကို လက်ဆုပ်လက်ကိုင်ရဘို့ အထူးလိုအပ်နေသည်မှာ လတ်တ လော ကြိုးစားအားထုတ်မှုများကိုကြည့်ခြင်းအားဖြင့် ပြောစရာလိုမည်မထင်ပါ ။ ဒါ့ကြောင့်ပင် ငြိမ်းချမ်းရေးကို မေတ္တာ စေတနာဖြင့် စိုက်လိုက်မတ်တတ် အချိန်ယူ လုပ်နေခြင်းလည်း ဖြစ်သည် ။

ယခုအချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်နေသည့် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကို ကြိုဆိုနေကြသည့် ဘာသာပေါင်းစုံမှမြန်မာနိုင်ငံသားများ၏ နောက်ခံ ပိုစတာများကို ကြည့်ခြင်းအားဖြင့် ပုပ်ရဟန်းမင်းကြီးသည် မြန်မာ့အရေး ငြိမ်းချမ်းချင်လို ကြောင်းမှာ ထင်ရှားလှသည် ။ မြန်မာနိုင်ငံတော်အလံ နှင့် ချိုးဖြူငှက်ကို ပုပ်ရဟန်း မင်းကြီးထွေးပွေ့ထားပုံမှာ သဟဇာတဖြစ်မှု ၊ ပူးပေါင်းဆောင်ရွက်မှု နဲ့အတူ ရင်ကြား စေ့ရေး ၊ ငြိမ်းချမ်းရေး၏ နမိတ်ပုံပင်ဖြစ်ပါကြောင်း ။    

သန့်ဇော် ( သန်လျင် )

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly