" ဝီချက်ကြောင့် စိုးရိမ်မှုတွေဖြစ်နေတဲ့ မန္တလေး ကျောက်စိမ်းလောက"

" ဝီချက်ကြောင့် စိုးရိမ်မှုတွေဖြစ်နေတဲ့ မန္တလေး ကျောက်စိမ်းလောက"

 

နည်းပညာအရွေ့ကြောင့် မန္တလေးကျောက်ဝိုင်းမှာ ရောင်းဝယ်လုပ်ကိုင်နေသူတစ်ချို့ စိုးရိမ်မှုတွေရှိနေကြပါ တယ်။နည်းပညာနဲ့အတူ ဘာသာစကားအခက်အခဲကြောင့် စျေးကွက်ဆုံးရှုံးမှုတွေ   ဖြစ်နေသလို ကုန်ချောထုတ်လုပ် နိုင်မှု မရှိသေးသလောက်နည်းပါးခြင်းကလည်း အကျိုးအမြတ်ကို ထိခိုက်လျှက်ရှိပါတယ်။

မန္တလေးကျောက်စိမ်းစျေးကွက်မှာ အချိန်တိုတိုအတွင်း အွန်လိုင်းကနေ ဝီချက် အသုံးပြုပြီး ကျောက်ဝယ်ယူမှုတွေ ရှိလာတာကြောင့် စျေးကွက်ကို ဝယ်ယူသူတွေက ဦးချိုးလာပါတယ်။ လက်ရှိမြန်မာ့ကျောက်စိမ်းဟာ တရုတ်ဝယ်လက် တွေကို အားကိုပြီးရောင်းချနေရပါတယ်။အခုချိန်မှာ ဝယ်ယူူူသူတွေဟာ ကျောက်ရှိရာကို လာရောက်ခြင်းမရှိတော့ဘဲ ကြားခံဝယ်သူတစ်ဦးထားပြီး ဝီချက် ကနေ ပစ္စည်း ကြိုက်မကြိုက်၊စျေးစကားပြောပြီး ဝယ်ယူလာကြပါတယ်။

အဲဒီလိုဝယ်ယူလာကြတော့ မန္တလေးကကျောက်စိမ်းရောင်းဝယ်သူတွေဟာ ဝယ်ယူသူနဲ့တိုက်ရိုက်ထိတွေ့မှုမရှိသလို အဝယ်တော်ရဲ့ စျေးနိမ်မှုကို ခံကြရပါတယ်။ဝီချက် ကနေ ကျောက်ကိုဓါတ်ပုံရိုက်ပို့ ကြိုက်မကြိုက်မေးခြင်းနဲ့ စျေးစကားတွေကို တရုတ်လိုပြောဆိုနေကြခြင်းကြောင့်လည်း တဖက်က စျေးပေးသည်ကိုမသိရတဲ့အတွက်ကြောင့် စျေးနှိမ်ခံနေရခြင်းလည်း ဖြစ်ပါတယ်။

ကျောက်စိမ်းစျေးကွက်ဟာ ဝီချက်ကြောင့် ပျက်နေခြင်းလို့ ပြောဆိုနေမှုကို စျေးကွက်ပညာရှင်တစ်ချို့က ထောက်ပြမှု တွေလည်းရှိပါတယ်။

"နည်းပညာဆိုတာက တားလို့မရဘူး။နည်းပညာနောက်မလိုက်နိုင်လို့ စျေးကွက်ဆုံးရှုံးနေတာတော့ အခုမှမဟုတ် ဘူး။အရင်ကတည်းကပဲ။ကျွန်တော်တို့ လုပ်ရမှာ နည်းပညာသုံးဝယ်ရင် နည်းပညာကိုတတ်အောင်၊နားလည်အောင် သင်ယူပြီး ရောင်းဝယ်မှပေါ့။ထိုင်နေရင်တော့ ကျန်နေမှာပဲ။"လို့ IT ပညာရှင်တစ်ဦး ဖြစ်သူ ဦးဇော်ဌေးက သူ့အမြင်ကို ပြောပါတယ်။

ဝီချက် ကို တရုတ်နိုင်ငံက အများဆုံးအသုံးပြုနေတာဖြစ်ပြီး ဝီချက် ကပင် မိုဘိုင်းပေါ်မှာ စကားပြောတာ၊မက်ဆေ့ပို့ တာတွေအပြင် ငွေပေးချေမှုတွေပါ ပြုလုပ်နိုင်ပါတယ်။ဝီချက်ဟာ တရုတ်နိုင်ငံသားတွေအတွက် အဆင်ပြေနေပေမယ့် သူတို့နဲ့ချိတ်ဆက်ပြီး အရောင်းအဝယ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ချို့ကတော့ အဆင်ပြေမှုမရှိသလို စိုးရိမ်မှုများ လည်းရှိလာပါတယ်။

"ဝီချက်နဲ့ရောင်းချနေတာတွေကို ဥပဒေနဲ့ထိန်းညှိုဖို့လိုတယ်။ဝီချက်နဲ့ရောင်းနေကြတော့ လိမ်လည်မှုတွေ ဖြစ်လာနိုင် တယ်။"လို့ ဝါရင့် ကျောက်အရောင်းအဝယ် ပြုလုပ်နေသူ ဦးဇော်ဇော်ကပြောပါတယ်။

၁၉၈၉ခုနှစ်မှ စတင်၍ ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်ခဲ့သူ ဦးခင်မောင်ဝင်းကလည်း"ကျောက်စိမ်းဆိုတာ အရည် အသွေးကို မျက်မြင်ကြည့်ပြီး ဝယ်ရတာ သူ့ရဲ့တန်ဖိုးကို ဓါတ်ပုံကြည့်ပြီး အကဲဖြတ်လို့မရဘူး။ဝီချက်နဲ့ အရောင်း အဝယ်ဖြစ်တယ်ဆိုတာ လုံးဝမဖြစ်နိုင်သလို စျေးကွက်ကို မထိခိုက်နိုင်ဘူး။"လို့လည်း သုံးသပ်ပြောကြားပါတယ်။

ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ကျောက်မျက်တူးဖော်ရေး ဌာန(မန္တလေး)က လက်ထောက်မန်နေဂျာ ဦးဝင်းအောင်ကလည်း"ဝီချက်ကြောင့် စျေးကွက်မထိခိုက်နိုင်ပါဘူး။ကျွန်တော်တို့ ဝီချက်နဲ့ ရောင်းဝယ်နေတာ မကြား မိဘူး။"လို့ ဝီချက်နဲ့ပတ်သက်ပြီးပြောပါတယ်။

ဝီချက်နဲ့ရောင်းဝယ်နေမှုကြောင့် စျေးကွက်မထိခိုက်နိုင်ဘူးလို့ သုံးသပ်ပြောဆိုတာတွေရှိပေမယ့် လက်တွေ့ မန္တလေး မြို့ရဲဲ့ မဟာအောင်မြေကျောက်ဝိုင်းကတော့ ဝီချက်ရဲ့ဒဏ်ကို ခံနေရပါပြီ။

ကျောက်ဝိုင်းထဲဝင်လိုက်တာနဲ့ ဖုန်းကိုယ်စီထောင်ပြီး အခန့်သားထိုင် ကျောက်ဝယ်ရောင်းလုပ်နေတဲ့ တရုတ်နိုင်ငံ သား အများအပြားကိုတွေ့ရမှာပါပဲဖြစ်ပါတယ်။ရောင်းချင်တဲ့သူက ဖုန်းရှေ့ကျောက်ချပြလိုက်တာနဲ့ တရုတ်ဘာသာ စကားနဲ့ ဝီချက်ကနေ စတင်စျေးဖွင့်ပါတယ်။ဟိုဘက်နဲ့ အပြန်အလှန်ပြောဆို စိတ်ကြိုက်ကြည့်ပြီးတာနဲ့ ဒီဘက်က ရောင်းသူကို စျေးပြန်ပြောပါတယ်။ကြိုက်ရင်ရောင်း မကြိုက်ရင်မရောင်းနဲ့ဆိုတဲ့သဘောလည်းဖြစ်ပါတယ်။

"ကျောက်ကပြပြီးရင် စျေကသေသွားပြီ ကိုယ့်ကျောက်က တစ်ရာတန်းဖြစ်နေပေမယ့် သူတို့ ၂၀ ပေးရင် သူတို့ပေးထားတဲ့စျေးကအတည်ပဲ။တရုတ်ဘက်ထွက်ရောင်းလည်း သူတို့ပေးထားတဲ့စျေးထက် မပိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကျောက်က အားလုံးကြည့်ပြီးသား၊သိပြီးသားဖြစ်နေလို့ အဲဒီလိုကျ ကျွန်တော်တို့မှာ အရမ်း နစ်နာတယ်။ဝီချက်ကို မကြိုက်ဘူး။ဒါပေမယ့် ဒါနဲ့မှမရောင်းရင်လည်း ကျွန်တော်တို့ ငုတ်တုပ်မေ့မှာပဲ။"လို့ လက်ရှိ ဝီချက်နဲ့ရောင်းဝယ်နေသူ ကိုမင်းသူကဆိုပါတယ်။

"မကြိုက်ဘူး။ထိန်းပေးစေချင်တယ်။ဖြစ်နိုင်ရင် ဝီချက်နဲ့ အရောင်းအဝယ်မလုပ်ဖို့ပါ တားပေးရင်ကောင်းတယ်။" လို့ လည်း ကျောက်ကုန်သည် ကိုစန်းမောင်ကပြောပါတယ်။

မြန်မာ့ကျောက််မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်ဟန်က "စျေးကွက်က တရုတ်ကို အားကိုးနေရတယ်။ တရုတ်နိုုင်ငံရဲ့ စီးပွားရေးနဲ့ပဲဆိုင်ပါတယ်။"လို့ လက်ရှိကျောက်စိမ်းစျေးကွက် အေးနေခြင်းနဲ့ပတ်သက်ပြီး ပြောပါ တယ်။

"တကယ့်ကျောက်ကောင်းတွေက ဝီချက်နဲ့ပဲ အရောင်းအဝယ်လုပ်နေတော့ ပွဲစားတွေနဲ့ အရောင်းအဝယ် လုပ်နေသူ တွေအတွက် အခက်အခဲဖြစ်တယ်။တိုက်ရိုက်ရောင်းချမှုတွေရှိလာတယ်။"လို့လည်း လက်ရှိ ကျောက်ပွဲစား လုပ်ကိုင်နေသူ ဦးဝင်းချိုက ပြောပါတယ်။

ပြည်တွင်းစျေးကွက်မှာ ဝီချက်နဲ့ရောင်းဝယ်မှု ထွန်းကားလာမယ်ဆိုရင် ပြည်တွင်းစျေးကွက်ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲ အတားအဆီးဖြစ်နိုင်သလို အခွန်ရရှိမှုအနေနဲ့လည်း ထိန်းချုပ်ဖို့ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ကြသူတစ်ချို့လည်းရှိနေပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က"သေချာတယ်။ဝီချက်နဲ့ရောင်းဝယ်လာ တာ ထွန်းကားလာမယ်ဆို ကျွန်တော်တို့နိုင်ငံအတွက် အခွန်ဆုံးရှုံးမယ်။တရုတ်ဘက်ကနေ ၁၀ ဦးလာဝယ်မယ့်ဟာ တစ်ဦးပဲလာပြီး ဝီချက်ကအလုပ်လုပ်နေကြတယ်။တကယ်လို့ အဲဒီ ၁၀ ဦးလုံးသာ လာဝယ်မယ်ဆို နောက်ဆုံး ဟိုတယ်ခွန်၊စားသောက်ခွန် ဒါတွေကျွန်တော်တို့ရမယ်။"လို့ပြောပါတယ်။

လက်ကောက်နဲ့အပွင့်ကိုအဓိထား ဝီချက်နဲ့ရောင်းဝယ်နေကြခြင်းဖြစ်ပါတယ်။လက်ရှိထက် ဝီချက်အသုံးပြု ရောင်းဝယ်မှုများပြုလုပ်လာပါက မြန်မာကျောက်ကုန်သည်ပွဲစားတွေအနေနဲ့ အလုပ်လက်မဲ့ဖြစ်ပေါ်လာနိုင်သလို စျေးကွက်အနေနဲ့လည်း အကျိုးအမြတ်နည်းပါးသွားမယ်လို့ ကျောက်နဲ့ပတ်သက်သူ အများစုက သုံးသပ်ထားပါ တယ်။

ဝီချက် အသုံးပြုရောင်းဝယ်နေမှုများကို ထိန်းချုပ်ကန့်သတ်မှုများ အချိန်မီမပြုလုပ်နိုင်ပါကလည်း မြန်မာနိုု်င်ရဲ့ အဓိက ပင်မကျောက်စိမ်းစျေးကွက်လို့ပြောလို့ရတဲ့ မန္တလေးမြို့ရဲ့ မဟာအောင်မြေကျောက်ဝိုင်းစျေးကွက် ပျက်သွားနိုင်သလို အလုပ်လက်မဲ့ပြဿနာများရင်ဆိုင်ကြံု တွေ့ လာနိုင်တာကြောင့် အစိုးရအဖွဲ့ကို တင်ပြဖို့ ဆောင်ရွက်နေတဲ့ ကျောက်ကုန်သည်တွေလည်း ရှိနေပါတယ်။    ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly