လွန်ခဲ့သော ဆယ်နှစ်ကျော်က ကြံ့ခိုင်ရေးအသင်းမှ သိမ်းယူထားသည်ဆိုသော လယ်မြေများ ပြန်ပေးရန် ဆန္ဒဖော်ထုတ်မည်

လွန်ခဲ့သော ဆယ်နှစ်ကျော်က ကြံ့ခိုင်ရေးအသင်းမှ သိမ်းယူထားသည်ဆိုသော လယ်မြေများ ပြန်ပေးရန် ဆန္ဒဖော်ထုတ်မည်

မန္တလေး၊သြဂုတ် ၁၉ ။         ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ ဘိုးဘွားပိုင်ဓားမဦးချ လုပ်ကိုင် နေသော တောင်သူ ၃၂ ဦး  ပိုင်ဆိုင်သည့် လယ်ယာမြေဧက ၁၀၀ ကျော်ကို  လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းက သိမ်းယူထားခဲ့သည်ဟု သိမ်းခံရသူများက ဆိုပြီး ယင်းမြေများ ပြန်ရရန် ဆန္ဒဖော်ထုတ်သွားမည်ဟု ဆိုသည်။

အဆိုပါ လယ်ယာမြေများကို  ၂၀၀၃ ခုနှစ်တွင် သပိတ်ကျင်း မြို့နယ်၊ ပြည်ထောင်စုကြံံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်း (ထိုအချိန်က အသင်းဖြစ်)က သိမ်းယူခဲ့ခြင်းဖြစ်ပြီး ပြန်လည်ပေးအပ်ရန်အတွက် သြဂုတ် ၂၄ ရက်၌ မန္တလေးမြို့ပေါ်တက်ကာ  မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီရုံးရှေ့တွင် အင်အား ၁၀၀ ခန့်ဖြင့် ဆန္ဒဖေါ်ထုတ်တောင်းဆိုသွားမည်ဟု ဦးဆောင်သူ ဦးတင်ဌေး က မဇ္ဈိမကိုပြောသည်။  

ထိုသို့ဆန္ဒပြခွင့် ရရှိစေရန်အတွက် ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ သြဂုတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက တရားဝင်စာတင်ခဲ့သည်ဟုလည်း ဦးတင်ဌေး ကဆိုသည်။

အဆိုပါ သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်ရရှိစေရန်အတွက် ဒေသခံများသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် သမ္မတ ဦးသိန်းစိန် အပါအဝင် ဝန်ကြီးဌာန အသီးသီးတို့တွင် တိုင်ကြား စာများ ပေးပို့တောင်းသော်လည်း လက်ရှိ အချိန်ထိ ဖြေရှင်း ဆောင်ရွက် ပေးမှုများမရှိခြင်း ကြောင့် ဆန္ဒဖေါ်ထုတ်တောင်းဆိုရန်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။

ဦးတင်ဌေး က  “ သိမ်းပြီးတော့ ကျွန်တော်တို့ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုနေတယ်ဆို ပြန်တောင်း စရာမလိုဘူး။ ကျွန်တော်တို့အားလုံး ဖြစ်သလို ရှာဖွေစားသောက်သွားမယ်။ ဒါပေမယ့် အခုကျတော့ ဘာမှအသုံးမပြုဘူး။ ပါတီကလူတွေက မြေငှားပြီး စားနေတာကို မခံနိုင်ဘူး။ ဒါကြောင့်အကြိမ်ကြိမ် စာတင်တယ်။ သူတို့ရုံးကိုလည်း တိုက်ရိုက်တွေ့ဆုံညှိုနှိုင်းတာတွေ လုပ်တယ်။ အခုချိန်ထိ ဘာမှကို လုပ်မပေးဘူး“ဟု ပြောသည်။

အဆိုပါ သိမ်းဆည်းထားသော မြေများအား ပါတီက သစ်လုပ်ငန်းရှင် ကုမ္ပဏီများကို အခကြေးငွေနှင့် ငှားရမ်းထားသည်ဟုလည်း ဒေသခံများကဆိုသည်။

မြေသိမ်းခံတောင်သူ မအေးဝင်း က  “   ကျွန်မတို့မြေလေးတွေပြန်လိုချင်တယ်။ စိုက်ပျိုးမြေဟာ စိုက်ပျိုးဖို့ပါ။ အခုဟာ တမင်သက်သက် ကျွန်မတို့မြေကို သိမ်းပြီး ဌားစာထားတာကျတော့ ကျွန်မတို့ဘဝတွေ ကိုဖျက်တာနဲ့အတူတူပဲ “ပြောသည်။

ဆန္ဒပြတောင်သူများသည်  မန္တလေးမြို့ ၇၃လမ်း၊ ၃၂လမ်း မှ ၂၆ လမ်းတစ်လျှောက်စီတန်း လှည့်လည်ကာ ၇၃ လမ်းမကိုပြန်ဝင်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအရှေ့ထိ ချီတက် ဆန္ဒဖော် ထုတ်မည်ဖြစ်သည်။  

အဆိုပါ မြေသိမ်းဆည်းထားမှုနှင့် ပတ်သက်၍ တိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ပြန်ကြားရေးတာဝန်ခံ ဦးတင်ထွန်း က   ‘ပါတီအနေနဲ့မြေသိမ်းထားတာ မရှိပါဘူး။ အခုရှိတဲ့ နေရာ ကလည်း ဥပဒေဘောင်ထဲက လုပ်ထုံးလုပ်နည်းနဲ့အညီ သိမ်းထားတာဖြစ်တယ်။  ပြီးတော့ ကျွန်တော် တို့ ပါတီအနေနဲ့လည်း မြေသိမ်းပိုင်ခွင့်မရှိပါဘူး။ သူတို့ဆန္ဒပြတယ်ဆိုတာက သူတို့ကိစ္စပါ။ ခွင့်ပြု မိန့်ပေး မပေး က ရဲကိစ္စပါ။ အဲဒီ ဆန္ဒလာပြမှာနဲ့ပတ်သက်လို့ကတော့ ဘာမှပြောစရာမရှိပါဘူး။ “ဟု မဇ္ဈိမ ကိုပြောသည်။

ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျသူ တစ်ဦးက  “ကျွန်တော်တို့ဘက်ကတော့ လူထုဟစ်တိုင် မှာပဲ ခွင့်ပြုပေးဖို့လုပ်နေတယ်။ သူတို့နဲ့တော့ မညှိနှိုင်းရသေးပါဘူး။ “ဟုပြောသည်။ ဆန္ဒပြသူများ ဘက်ကလည်း မူလတင်ထားသည့်လမ်းကြောင်းအတိုင်းသာ ဆန္ဒဖော်ထုတ်သွားမည်ဟု တစ်ညီတစ်ညွှတ်တည်းဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly