လွှတ်တော်ကို ဒရုန်းနဲ့ရိုက်ဖို့ ကြိုးပမ်းစဉ် တရားစွဲခံထားရသူတွေအနက် နိုင်ငံခြားသား ၂ဦး ပုဒ်မထပ်တိုး

လွှတ်တော်ကို ဒရုန်းနဲ့ရိုက်ဖို့ ကြိုးပမ်းစဉ် တရားစွဲခံထားရသူတွေအနက် နိုင်ငံခြားသား ၂ဦး ပုဒ်မထပ်တိုး
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

 

နေပြည်တော်လွှတ်တော်ကို ဒရုန်းနဲ့ရိုက်ကူးဖို့ ကြိုးပမ်းစဉ် ပို့ကုန်၊သွင်းကုန် ပုဒ်မ ၈ နဲ့ တရားစွဲခံထားရသူ ၄ ဦးအနက် နိုင်ငံခြားသား ၂ဦးကို နောက်ထပ်ပုဒ်မတစ်ခုဖြစ်တဲ့ ၁၉၄၇ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃(၁)နဲ့ တရားစွဲဆိုလိုက်ပါတယ်။

ကနဦးစွဲထားတဲ့ ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ(၈) အမှုကို ပိတ်သိမ်းပေးဖို့ တရားစွဲခံထားရသူတွေဘက်က ရှေ့နေတွေရဲ့ လျှောက်လဲချက်ကို ဇဗ္ဗူသီရိမြို့နယ် တရားရုံးက ဒီကနေ့ ၄ကြိမ်မြောက် ရုံးချိန်းမှာ ပယ်ချခဲ့တဲ့အပြင် နိုင်ငံခြားသား ၂ဦးဟာ ပုဒ်မနောက်တစ်ခုနဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ၂၇ရက်နေ့က နေပြည်တော်လွှတ်တော်အဆောက်အဦအနီးမှာ ဒရုန်းလွှတ်တင်ဖို့ ကြိုးပမ်းခဲ့တဲ့ တူရကီအခြေစိုက် စင်္ကာပူရုံးခွဲ TRT သတင်းဌာနက စင်္ကာပူနိုင်ငံသားတစ်ဦး၊ မလေးရှားနိုင်ငံသူတစ်ဦးနဲ့ ဘာသာပြန် ကိုအောင်နိုင်စိုး၊ ယာဉ်မောင်း ဦးလှတင်တို့ စုစုပေါင်း ၄ဦးကို နေပြည်တော်အမှတ် ၅ စခန်းမှူး ရဲအုပ် ထွန်းထွန်းဝင်းက တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ သူတို့ ၄ဦးစလုံးကို ၁၉၃၄ခုနှစ် မြန်မာနိုင်ငံလေယာဉ်အက်ဥပဒေ ပုဒ်မ ၁၀နဲ့ ဒုတိယမြောက်ရုံးချိန်းမှာ တရားရုံးက ထောင် ၂လစီ ချမှတ်ထားပါတယ်။ တရားစွဲခံထားရသူတွေရဲ့   ရှေ့နေတွေကတော့ ထောင် ၂လစီ ချမှတ်ခဲ့တဲ့ လေယာဉ်အက်ဥပဒေပုဒ်မနဲ့ ကနဦးစွဲထားတဲ့ ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈ဟာ အဓိပ္ပာယ်တူတာကြောင့် ကနဦးစွဲထားတဲ့အမှုကို ပိတ်သိမ်းပေးဖို့ လျှောက်လဲခဲ့တာလို့ ပြောပါတယ်။ ဒါပေမယ့် အမှုကို ပိတ်သိမ်းပေးဖို့ ရှေ့နေတွေရဲ့ လျှောက်လဲချက်ကို တရားရုံးက ပယ်ချခဲ့တဲ့အပြင် နိုင်ငံခြားသား ၂ဦးဟာလည်း လဝကဥပဒေပုဒ်မနဲ့ ဆက်လက်ပြီး အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly