ချယ်ရီ FM ပြန်လည် ထုတ်လွှင့်ခွင့်ရပြီ

ချယ်ရီ FM ပြန်လည် ထုတ်လွှင့်ခွင့်ရပြီ

ရန်ကုန်၊ သြဂုတ် ၁၉ ။          ။ ထုတ်လွှင့်မှုများ ရပ်ဆိုင်းခံခဲ့ရသည့် ချယ်ရီ FM ရေဒီယို အစီအစဉ်များကို သြဂုတ်လ ၁၉ရက် ညနေ ၆နာရီမှ စတင်ကာပြန်လည် ထုတ်လွှင့်ခွင့်ပေးလိုက်ပြီ ဟုပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက မဇ္ဈိမကို ပြောသည်။

"အဓိကကတော့ ထုတ်ထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အချက်တွေ၊ စာချုပ်ပါအချက်တွေ ဒါတွေကိုတော့ စည်းကမ်းတကျ သေချာလေး လိုက်နာဖို့ပေါ့။ ဒါပါပဲ။ အဲ့ဒါတွေကိုတော့ လိုက်နာပါမယ်ဆိုရင် ခွင့်ပြုတယ်ပေါ့။ သူတို့ကလည်း လိုက်နာပါမယ်လို့ ခံဝန်ကတိပေးတာပေါ့။ သူတို့က လိုက်နာပါမယ်ဆိုတာကို စာနဲ့တင်တာပေါ့။" ဟု ဦးတင့်ဆွေက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန နှင့်  ချယ်ရီအက်ဖန်တို့ သြဂုတ် ၁၉ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် တွေ့ဆုံဆွေးနွေးကာ ယခုကဲ့သို့ သဘောတူလိုက်ခြင်းဖြစ်သည်။

ချယ်ရီFMရေဒီယို၏ အထွေထွေမန်နေဂျာ ဦးသန်းထွေးဇော်က "ဘာတွေ သဘောတူညီမှု လုပ်ရလဲဆိုတော့ အခုလောလောဆယ်မှာ သူတို့ တချို့အချက်လေးတွေ ချပြပါတယ်။ မီဒီယာနဲ့ ပတ်သက်တဲ့ Ethic (ကျင့်ဝတ်)ပိုင်းဆိုင်ရာ အဲ့သဘောသက်ရောက်တဲ့ အချက်လေးတွေ ချပြပါတယ်။ ချပြတဲ့အချက်လေးတွေကလည်း မီဒီယာတစ်ခုအနေနဲ့ လိုက်နာဖို့ လိုအပ်တဲ့ အချက်တွေဖြစ်တယ်။

ဒီကျင့်ဝတ်နဲ့လည်း လျော်ညီတဲ့ အချက်တွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်ကနေ သဘောတူလိုက်ပါတယ်ခင်ဗျ"ဟု မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်အခြေစိုက် ချယ်ရီအက်ဖန် ရေဒီယိုကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ (ပူးတွဲဥက္ကဌဟု ပါတီ၏ ထုတ်ပြန်ချက်တွင် သုံးနှုန်း) ဖြစ်သူ သူရဦးရွှေမန်း ရာထူးမှ ဖယ်ရှားခံရသည့် ဩဂုတ် ၁၃ရက်ကစပြီး ထုတ်လွှင့်မှုများ ရပ်ဆိုင်းခံခဲ့ရသည်။

ချယ်ရီFMကို ရပ်ဆိုင်းရခြင်းက နိုင်ငံရေး အခြေအနေအရလည်းကောင်း၊ စာချုပ်နှင့် ကျင့်ဝတ်အရလည်းကောင်း နှစ်ဦးနှစ်ဖက် နစ်နာမှုများ ရှိနိုင်သောကြောင့် ထုတ်လွှင့်မှုကို အချိန်သုံးလကြာ ရပ်နားရန် သြဂုတ်လ ၁၅ရက်က ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်ကမူ ချယ်ရီ FM က အများပြည်သူ ထိတ်လန့်စေမည့် ဟောပြောချက်၊ အသံလွှင့်ချက်များကို ထုတ်လွှင့်မည်ကို စိုးရိမ်၍ ဖြစ်သည်ဟု သြဂုတ် ၁၈ရက်က ပြောကြားခဲ့သေးသည်။

“ချယ်ရီ FM နဲ့ ဖြစ်တဲ့ကိစ္စမှာ ပွင့်ပွင့်လင်းလင်း ပြောရရင် ပါတီတွင်းမှာ ဒီလို ပါတီတွင်းရေးရာ ကိစ္စဖြစ်နေတဲ့ အချိန်မှာ ချယ်ရီ FM ကနေ တစ်ဆင့် တစ်စုံတစ်ယောက်ကနေ ဖြစ်ဖြစ် သူရဲ့ ဝန်ထမ်းတွေကနေဖြစ်ဖြစ် လူတွေ အထိတ်တလန့် ဖြစ်စေမယ့် ဟောပြောချက်တွေ အသံလွှင့်ချက်တွေ လုပ်လိုက်မှာကို စိုးရိမ်တာ” ဟု ဦးရဲထွဋ်က ပြောကြားခဲ့သည်။

ချယ်ရီ FM သည် လွန်ခဲ့သည့် ၆နှစ်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် သဘောညီချက်စာချုပ်ဖြင့် အသံလွှင့်နေခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် အသံလွှင့်ရုံ ၁၇ခုဖြင့် တစ်နိုင်ငံလုံး၏ နေရာပေါင်း သုံးပုံ ပုံ နှစ်ပုံတွင် နားဆင်နိုင်မည်ဖြစ်သည်။

ချယ်ရီ FMကို သူရဦးရွှေမန်း၏ ချွေးမဖြစ်သူ ဒေါ်ဇေဇင်လတ်က ဦးစီးလုပ်ကိုင်နေခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly