လူငယ်နဲ့ စာဖတ်ခြင်း အနုပညာ

၁။

ပြီးခဲ့တဲ့နေ့က ကျွန်တော်တို့ စကားစခဲ့တာရှိပါတယ်။ လူငယ်တွေ ဘာပြုလို့ အနှစ်သာရရှိတဲ့စာတွေနဲ့ ကင်းကွာသွားကြရသလဲ။ လူငယ်တွေ အနှစ်သာရရှိတဲ့စာပေတွေ ဖတ်လာရအောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အချက်ကို ဆွေးနွေးခဲ့ကြပါတယ်။

မှန်ပါတယ်။ ပြောင်းလဲလာနေတဲ့ အခြေအနေတွေရဲ့တွန်းပို့မှုကြောင့် လူငယ်တွေ အနှစ်သာရရှိတဲ့စာပေနဲ့ ဝေးကွာကြရတာ မှန်ပါတယ်။ လူငယ်တွေဟာ စာမဖတ်ကြတော့တာတော့ မဟုတ်ပါဘူး။ ဖတ်တော့ ဖတ်ကြပါတယ်။ ဒါပေမယ့် ဘဝအခြေအနေအရ ပြောင်းလဲဖြစ်ပေါ်လာနေတဲ့ အနေအထားအရ ဆူလွယ်နပ်လွယ်စာပေနဲ့ ပိုပြီး ထိကပ်နီးစပ်သွားရတာပဲဖြစ်တယ်ဆိုတာ ဆွေးနွေးခဲ့ပါတယ်။

ဒီနေရာမှာ အလေးအနက်ထားစဉ်းစားရမယ့် အချက်ကြီးတစ်ချက် ရှိလာပါတယ်။ ကျွန်တော်က “အချက်ကြီးတစ်ချက်”လို့ တမင်ပြောလိုက်တာပါ။ ဒီအချက်က အသေးအမွှားကိစ္စမဟုတ်လို့ အင်မတန် လေးနက်တဲ့ကိစ္စဖြစ်လို့ အချက်ကြီးတစ်ချက်လို့ ကျွန််တော်ပြောခဲ့တာပါ။ အဲဒါကတော့ တိုင်းပြည်တပြည်မှာ ရသစာပေ၊ နှလုံးသား အာဟာရအားပေးတဲ့စာပေ ကျဆုံးရင် ဒီတိုင်းပြည်ဟာ ကျဆုံးသွားနိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါဟာ အသေးအမွှာကိစ္စ မဟုတ်ပါဘူး။ တိုင်းပြည်နဲ့ချီတဲ့ကိစ္စဖြစ်ပါတယ်။

အခု လူငယ်တွေဟာ ဆူလွယ်နပ်လွယ်စာပေတွေဘက် ခေါင်းလှည့်သွားနေကြတယ်။ အနုရသစာပေကို ကြောပေးထိုင်နေကြပြီ။ ဒီိလိုတွေးမယ်ဆိုရင် လူငယ်တွေ စာမဖတ်ကြတော့ဘူးဆိုတဲ့စကားထဲမှာ အဲဒီ အနုရသစာပေနဲ့ လေးနက်တဲ့ စာပေတွေ ပါမသွားနိုင်ဘူးလား။ အသေအချာကြီးကို ပါသွားမှာပဲ။ ဒါဆိုရင် မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူငယ်တွေ လေးနက်တဲ့စာပေကို   ကြောပေးထိုင်နေကြပြီဆိုတဲ့အခြေအနေဟာ စိုးရိမ်ဖွယ်ကိစ္စဖြစ်တယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။

ရသစာပေ ကျဆုံးရင် လူတွေရဲ့နှလုံးသားတွေ ကြမ်းတမ်းလာကြလိမ့်မယ်။ လူ့ကျင့်ဝတ်သိက္ခာ တန်ဘိုးထားတဲ့စိတ်တွေ အားနည်းသွားကြလိမ့်မယ်။ လူအချင်းချင်း ယိုင်းပင်းကူညီချင်တဲ့စိတ် နိုင်ငံကြီးသားစိတ်နဲ့ မြင့်မားသိမ်မွေ့တဲ့ လူမှုဆက်ဆံရေးတွေ ခမ်းခြောက်သွားလိမ့်မယ်။ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာစိတ်၊ အနစ်နာခံလိုစိတ်၊ ပေးဆပ်လိုစိတ်တွေ အားနည်းသွားပြီး ယှဉ်ပြိုင်အနိုင်ယူလိုစိတ်၊ အနိုင်ရဖို့ဆိုရင် ဘယ်ကျင့်ဝတ်သိက္ခာကိုမှ ထည့်မစဉ်းစားတော့တဲ့ အတ္တဗဟိုပြုဝါဒကြီး အားကောင်းလာလိမ့်မယ်။ တကယ့်ကို စိုးရိမ်ဖို့ကောင်းတဲ့ ကိစ္စပါပဲ။

ဟုတ်ပါတယ်။ လူငယ်တွေ စာမဖတ်ကြတော့ဘူးဆိုတာကို ကျွန်တော် ငြင်းနိုင်ပေမယ့် ဖတ်တော့ဖတ်တယ် ရသစာပေနဲ့ အဆင့်မြင့်စာပေတွေမဖတ်တော့ဘဲ ဆူလွယ်နပ်လွယ်စာတွေပဲ ဖတ်လာ နေကြပြိီ ဆိုတဲ့စကားကိုကြတော့ ကျွန်တော် မငြင်းနိုင်အောင်ဖြစ်ရပါတယ်။ ဒီိလိုဖြစ်လာတာကလည်း ဒီလောက် ရှုပ်ထွေးများပြား မြန်ဆန်လွန်းတဲ့ခေတ်ကြိီးမှာ အချိန်ယူရ နေရာယူရ အလေးအနက်ထားစဉ်းစားရတဲ့ပုံသဏ္ဍာနဲ့ တည်ဆောက်ထားတဲ့အခြေကြီးကြောင့် ရသစာပေ ကိုဦးစားပေးဖတ်ရမယ်ဆိုရင် သူတို့ရဲ့ဗဟုသုတရှာမှီးမှု၊ ဘဝဝမ်းစာ ရှာမှုဆိုတဲ့ ကိစ္စတွေဟာ နောက်ကိုရောက်သွားလိမ့်မယ်။ ဒါကြောင့်မို့သာ လူငယ်တွေဟာ ဆူလွယ်နပ်လွယ်နွံထဲ ကျကုန်ကြရ တာဖြစ်တယ်။

ကောင်းပါပြီ။ ဒါဆိုရင် ကျွန်တော်တို့တတွေ မလွဲမသွေ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမယ့်ကိစ္စက ရသစာပေနဲ့ လေးနက်တဲ့စာပေတွေကို လူငယ်တွေနဲ့ ပြန်လည်သဟဇာတဖြစ်အောင် ဘယ်လို လုပ်ကြမ လည်းဆိုတာ စဉ်းစားကြရမှာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ကျောင်းပညာရေးသင်ရိုးညွှန်းတမ်းတွေမှာ ခေတ်မီပြိီး ရသနဲ့အတွေးအခေါ်မြင့်မားတဲ့ စာပေတွေ အဓိကထား ပြဌာန်းကြရပါလိမ့်မယ်။ သက်ဆိုင်ရာ တာဝန်ရှိသူ အဖွဲ့အစည်းများ လူပုဂ္ဂိုလ်များအနေနဲ့ကလည်း ရသစာပေဖွံ့ဖြိုးတိုးတက်ရေး အားပေးကြရပါလိမ့်မယ်။ ဥပမာ နိုင်ငံတော်အဆင့် စာပေဆုများကအစ အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်စု ကောင်းစားရေး၊ အကျိုးပြုရေးစာပေဆုတွေ လက်ရှောင်ပြီး တကယ့် လူထုဘဝနဲ့ဆန္ဒကို ထင်ဟပ်ကိုယ်စားပြုတဲ့စာပေဆုတွေပဲ ချီးမြှင့်ကြရပါလိမ့်မယ်။ စာရေးဆရာတွေ အနုပညာရှင်များအနေနဲ့ကလည်း ရသစာပေတွေကို သည့်ထက် အားထုတ်ရေးသား ထုတ်လုပ်ကြရပါလိမ့်မယ်။

လူငယ်များအနေနဲ့ကလည်း တကယ့် မြင့်မားတဲ့ဘဝအနေအထားကို ပြဌာန်းပေးနိုင်တဲ့စာပေတွေဆိုတာ ဆူလွယ်နပ်လွယ်စာပေတွေမဟုတ်ဘဲ ရသနဲ့သုတ မြင့်မားတဲ့စာပေတွေသာဖြစ်တယ်ဆိုတာ နားလည်သဘောပေါက်ထားကြရပါမယ်။ စာပေမြင့်မှ လူမျိုးတင့်မယ်ဆိုတာ သဘောတရားအရတင်မက လက်တွေ့အရပါ လက်ခံကြရပါမယ်။

လူငယ်တချို့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စက ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်မှု အားနည်းတဲ့အချက် ရှိပါတယ်။ ရေအိုင်ထဲက ဖါးသူငယ်အဖြစ်မျိုး သေသေချာချာပြန်လည်သုံးသပ်နိုင်မှုတွေ ကျဆင်းလာနေတဲ့သဘောပါပဲ။ ဥပမာ ဖေ့ဘုတ်မှာ “ရင်ဖွင့်စာ”ကို “ရင်ခိုက်စာ”လို့ထင်ပြီး ကိုယ့်ကိုယ်ကို စာရေးတတ်ပြီ စာရေးဆရာ ကဗျာဆရာဖြစ်ပြိီ ဆိုတာမျိုးနဲ့ အားထုတ်မှုရပ်တန့် ဆွ့ံအသွားတာမျိုးဟာ မကောင်းပါဘူး။ ခေတ်စမ်းစာဆိုကြီး ဆရာဇော်ဂျီပြောဖူးတဲ့စကားအရဆိုရင် စာရေးဆရာဖြစ်ဖို့ဆိုတာ “စု၊တု၊ပြု” ကို လစ်လျူရှုလို့မရပါဘူး။ စာတွေဖတ်တဲ့အခါ စာဖတ်ကြပါလို့ဆိုတဲ့အခါ အဲဒီကိစ္စဟာ စုဆောင်းခြင်းဆိုတာ အကျွမ်းဝင်တာမို့ ပေါ့ပေ့ါလေး သဘောထားလို့မရပါဘူး။ သာမာန် တက်ကြမ်းစာပေ၊ သာမာန် ရင်ဖွင့်စာပေ၊ သာမာန် နိုင်ငံရေးစာပေလောက်နဲ့ “စု” ဆောင်းလို့လည်း မရပါဘူး။ ကိုယ်ကိုယ်တိုင် အဆင့်မြင့်ရသစာပေ မစုဆောင်းမိပဲလည်း ကိုယ်တိုင် တုပရေးသားလို့လည်း မရနိုင်ပါဘူး။ ဒါ့အပြင် ကိုယ်ပိုင်စာပေပြုစုဖို့ဆိုတာ ပိုပြီး ခက်ခဲဝေးလံနေမှာဖြစ်ပါတယ်။

ဘဝအခြေအနေအရ ခေတ်ကာလအခြေအနေအရ ဆူလွယ်နပ်လွယ်ရွေးချယ် လုပ်ကိုင်ကြရ ဖတ်ရှုလေ့လာကြရတာဖြစ်ပေမယ့် တကယ်အောင်မြင်တဲ့ဘဝ၊ တကယ်ခို်င်မြဲတည်တန့်မြင့်မားတဲ့ဘဝကို လက်ဆုပ်လက်ကိုင် ရယူချင်တယ်ဆိုရင်တော့ အဲဒီလူငယ်တွေဟာ အဆင့်မြင့်ရသစာပေနဲ့ အဆင့်မြင့် သုတစာပေတွေကို မလွဲမသွေ ဖတ်ရှုကြရပါလိမ့်မယ်။

လူ့အဖွဲ့အစည်းတစ်ခု တိုင်းပြည်တစ်ခု အဆင့်အတန်းမြင့်မားလာစေဖို့၊ အဲဒီအဆင့်အတန်း တည်တန့်စေဖို့ဆိုရင် ရသစာပေနဲ့ အဆင့်မြင့်စာပေများကို လူငယ်တွေမဖတ်သရွေ့ ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ လူငယ်တွေ ရသစာပေ အဆင့်မြင့်စာပေတွေနဲ့ ဝေးကွာသွားတာနဲ့တပြိုင်နက် အဲဒီလူ့အဖွဲ့အစည်း အဲဒီတိုင်းပြည်ဟာ အချိန်နဲ့အမျှ နိမ့်ဆင်းကျဆုံးသွားနေမှာပဲဖြစ်ပါတယ်။ ဒါကတော့ ဘယ်သူမှမငြင်းပယ်နိုင်တဲ့ အချက်ပါပဲ။

နောက်ဆုံးအနေနဲ့ပြောရရင် ကျွန်တော်တို့တိုင်းပြည်မှာ နန်းမတော်မမြလေးရဲ့ စိန်ခြူးကြာညောင် လောက်နဲ့တင်းတိမ်နေခဲ့တုန်းက  အဲဒီသီချင်းပေါ်စဉ်ကနဲ့တချိန်တည်းဖြစ်တဲ့ ဥရောပမှာ ကားလ်မတ်က်စ်ရဲ့ အရင်းကျမ်း ပေါ်တဲ့ခေတ် ရှိခဲ့ဖူးပါတယ်။ တခေတ်တချိန်ထဲမှာပဲ ဘယ်လောက်အထိ လူ့အဖွဲ့အစည်းနှစ်ခု ကွာခြားခဲ့ကြသလဲဆိုတာ နှိုင်းယှဉ်ခံစားကြည့် သုံးသပ်သင့်တယ်ထင်လို့ လေးနက်စွာ အကြံပြုချင်ပါတယ်။

ဒါကြောင့်မို့ ရသစာပေနဲ့ အဆင့်မြင့်စာပေများ သည့်ထက်ပေါ်ပေါက်ထွန်းကားရေး ကြိုးပမ်းသင့်ပါတယ်။

လူငယ်များ စာဖတ်ခြင်းအနုပညာ ကျယ်ပြန့်လေးနက်စွာ ကိုင်ဆွဲလာနိုင်ကြပြီး အတွေးအခေါ်အဆင့်အတန်း မြင့်မားတဲ့ တိုင်းပြည်တစ်ခု ထူထောင်နိုင်ကြပါစေ။    ။

အပိုင်း(၁) အားဖတ်ရန်-http://www.mizzimaburmese.com/article/34625

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly