၂၀၁၇ မြန်မာနေရှင်နယ်လိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု အောင်သူရရှိ

၂၀၁၇ မြန်မာနေရှင်နယ်လိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု အောင်သူရရှိ

၂၀၁၇ မြန်မာနေရှင်နယ်လိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရတနာပုံတိုက်စစ်မှူးအောင်သူ ရရှိခဲ့သည်။

မြန်မာဘောလုံးအဖွဲ့ချုပ်နှင့် MPT တို့၏ မဟာဗျူဟာစီမံကိန်းမိတ်ဖက်စာချုပ် ချုပ်ဆိုပွဲနှင့်MFF – MNL Award Night 2017 ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်နေ့ညက နိုဗိုတယ်ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ရာတွင်ယင်းသို့ ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် သက်တမ်းအလိုက်လိဂ်ပြိုင်ပွဲ၊ လိဂ်-၂ ပြိုင်ပွဲနှင့် လိဂ်-၁ ပြိုင်ပွဲတို့မှ ဆုရရှိသည့်အသင်းများ၊ ဂိုးသွင်းအများဆုံးကစားသမားများနှင့်အသန့်ရှင်းဆုံးအသင်းဆုများကို ပေးအပ်ချီးမြှင့်ခဲ့ရာ တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ကြေညာခဲ့ရာ ရတနာပုံတိုက်စစ်မှူးအောင်သူက ရရှိသွားခဲ့သည်။

မကြာခင် ထိုင်းပရီးမီးယားလိဂ်ကလပ် Police Tero အသင်း၌ သွားရောက်ကစားတော့မည့် အောင်သူသည် အကောင်းဆုံးကစားသမားဆုကို ၂ နှစ်ဆက်တိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာဘောလုံးအဖွဲ့ချုပ်နှင့် MPT တို့သည် အကျိုးတူပူးပေါင်းစာချုပ်ချုပ်ဆိုခြင်းကို ယနေ့ အခမ်းအနားတွင် ပြုလုပ်ခဲ့ပြီး လာမည့် ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အထိ ပူးပေါင်းလုပ်ကိုင်သွားမည် ဖြစ်သည်။

MPT က ပထမတစ်နှစ်အတွက် စပွန်ဆာမြန်မာငွေကျပ်သိန်းတစ်သောင်းခွဲ စတင်ပေးအပ်မည် ဖြစ်ပြီး ပူးပေါင်းလုပ်ဆောင်မှုအခြေအနေအပေါ်မူတည်၍ နောက်နှစ်များတွင် စပွန်ဆာငွေကြေးတစ်ရပ်ကို ထပ်မံသတ်မှတ်ပေးမည် ဖြစ်သည်။

မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က MPT ၏ ခိုင်မာသည့်အထောက်အပံ့အတွက် အထူးကျေးဇူးတင်ကြောင်းနှင့် မိတ်ဖက်ဆက်ဆံရေးအခြေအနေသည် ရေရှည်ပူးပေါင်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ဆိုသည်။ ဘောလုံးအားကစားမှတစ်ဆင့် အားလုံး၏တန်ဖိုးများ ပိုမိုတိုးတက်လာအောင် တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဦးဇော်ဇော်က ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly