ရန်ကုန်မြို့တွင်း မော်တော်ယာဉ်သုံး CNG အရောင်းဆိုင်များ ထပ်မံဖွင့်လှစ်ရန်မလိုအပ်ဟုဆို

ရန်ကုန်မြို့တွင်း မော်တော်ယာဉ်သုံး CNG အရောင်းဆိုင်များ ထပ်မံဖွင့်လှစ်ရန်မလိုအပ်ဟုဆို
ဓာတ်ပုံ - ဘိုဘို

 

ရန်ကုန် နိုဝင်ဘာ ၂၅ ။           ။ ရန်ကုန်မြို့တွင်း CNG သုံးမော်တော်ယာဉ်အစီးရေ နှင့် မော်တော်ယာဉ်သုံးCNG အရောင်းဆိုင် အရေ အတွက် မျှတမှုရှိသည့်အတွက် CNG အရောင်းဆိုင်များ ထပ်မံဖွင့်လှစ်ရန်မလိုအပ်ဟု မြန်မာ့ရေနံ နှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး ဓါတ်ငွေ့ဌာန၊ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေး က ပြောသည်။

ရန်ကုန်မြို့အတွင်းရှိ မော်တော်ယာဉ်သုံး CNG အရောင်းဆိုင် ၂၇ ဆိုင်ကို နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ပြီး ရောင်းချမည့်အချိန် ကာလပိုင်းခြားသတ် မှတ်ခဲ့သည့်အတွက် YBS များနှင့် CNG ကားများ လမ်းပေါ်တွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ရသည့်အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ ယင်း အတွက်ကြောင့် နိုဝင်ဘာ ၂၀ ရက်နေ့မှစ၍ မော်တော်ယာဉ်သုံး CNG အရောင်းဆိုင် ၆ ဆိုင်ကို ၂၄ နာရီ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

"ရန်ကုန်မြို့မှာ ရှိတဲ့အရှေ့အနောက်တောင်မြောက် ခရိုင် ၄ ခုလုံးမှာ ကျွန်တော်တို့က မာစတာပလန် ဆွဲတယ်၊ ၃ လလောက် လက်တွေ့ကွင်းဆင်းပြီး သား၊ ဘယ်ဆိုင်မှာ ည ၁၀ နာရီကနေ မနက် ၆ နာရီအတွင်းကို ကားက ဖြောက်တောက် ဖြောက် တောက်ပေါ့၊ ၄ စီး၊ ၅ စီး ၊ တစ်ချို့ဆိုင်မှ ၁၀ စီး၊ အများဆုံးမှ လေးငါးဆယ်၊ အဲဒီလိုဖြစ်နေတဲ့အပေါ် မှာ မူတည်ပြီးတော့မှ ကျွန်တော်က ဒီနားမှာတော့ ၃ ဆိုင်ရှိတဲ့ အထဲမှာ ၂ ဆိုင်ဖွင့်မယ်၊ ခရိုင် ၄ ခုမှာ အခုက ဆိုင် ၂၀ ရှိမယ်၊ ည ၁၀ နာရီကနေ မနက် ၆ နာရီ ဖွင့်တဲ့ဆိုင် ၁၅ ဆိုင်ရှိမယ်၊ မနက်ကနေ နေ့ လည်လောက်အထိပဲဖွင့်တဲ့ဆိုင် ၆ ဆိုင်ရှိမယ်၊ အဲဒီလို ပြန်ရောင်းတာပါ၊ ၂၀ ရက်နေ့ကတည်းက ပြောင်းကြည့်ပြီး တိုင်းဒေသကြီးအစည်းအဝေး မှာလည်း တင်ပြထားပြီးသားပါ" ဟု မော်တော် ယာဉ်သုံးဓါတ်ငွေ့ဌာန၊ အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက နိုဝင် ဘာလ ၂၅ ရက် နေ့က မဇ္ဈိမ သို့ ပြောသည်။

မော်တော်ယာဉ်သုံးCNG(ဂတ်စ်)အရောင်းဆိုင်များ မှ ရောင်းအားအခြေအနေနှင့် အရောင်းဝန်ထမ်းများ ၏ အလုပ်ချိန်ပေါ်မူတည်၍ ယင်းသို့ ပြောင်းလဲ သတ်မှတ်ခဲ့ရခြင်းဖြစ်သည်ဟု ၄င်းက ဆက်ပြော သည်။

" မလိုလားအပ်ဘဲနဲ့ လူတွေကို ငုတ်တုတ်ထိုင်ခိုင်း ထားသလို ဖြစ်နေမှာလေ၊ ဝန်ထမ်းစည်းမျဉ်း စည်း ကမ်းအရလည်း ၈ နာရီထက် ပိုခိုင်းလို့မရဘူးလေ" ဟု အထွေထွေမန်နေဂျာ ဦးလှဝင်းဌေးက ပြော သည်။ ထို့ပြင် CNG သုံးတက္ကစီသမားများအတွက် အခက်အခဲမရှိနိုင်ကြောင်း ၄င်းကပြောသည်။

CNG ယာဉ်မောင်းအချို့က တန်းစီစောင့်ဆိုင်းရ သည့်ကိစ္စများအဆင်ပြေစေရန် ရန်ကုန်မြို့တွင်း CNG အရောင်းဆိုင်များထပ်မံဖွင့်လှစ်သင့်ကြောင်း လည်း ဝေဖန်မှုရှိခဲ့သည်။ သို့သော်CNG ဆိုင်များ ထပ်မံဖွင့်ရန်အတွက် ငွေကြေးကုန်ကျမှုများပြား ခြင်း၊ ဆိုင်နေရာရှားပါးခြင်းနှင့် ပိုက်လိုင်းသွယ်တန်း ရန် မလွယ်ကူခြင်းများကြောင့် ဓါတ်ငွေ့အရောင်း ဆိုင်များထပ်မံတိုးချဲ့ရန် အခက်အခဲများရှိသည့် အပြင် လက်ရှိဆိုင်အရေအတွက်နှင့် လုံလောက် သည်ဟု မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံးဓါတ်ငွေ့ဌာန၊ အထွေထွေ မန်နေဂျာ ဦးလှဝင်းဌေးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly