ဒေါ့မွန်က စိတ်ဝင်စားနေချိန်တွင် မစ်ခီတာယန်၏ခြေစွမ်းကို မော်ရင်ဟိုဝေဖန်

ဒေါ့မွန်က စိတ်ဝင်စားနေချိန်တွင် မစ်ခီတာယန်၏ခြေစွမ်းကို မော်ရင်ဟိုဝေဖန်

 

နိုဝင်ဘာ ၂၅၊ မန်ချက်စတာ။                           ။ အာမေးနီးယားကွင်းလယ်ကစားသမား မစ်ခီတာယန်ကို ပြန်လည်ခေါ်ယူရန် ဒေါ့မွန်အသင်းက စိတ်ဝင်စားနေချိန်တွင် ယင်းကစားသမား၏ မကြာသေးမီက ခြေစွမ်းအပေါ် မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုက ဝေဖန်ပြောဆိုလိုက်သည်။

၂၀၁၆ ဇူလိုင်တွင် ဒေါ့မွန်မှပေါင် ၂၆ ဒသမ ၃ သန်းဖြင့်ပြောင်းလာသည့် မစ်ခီတာယန်သည် ယူနိုက်တက်၏နောက်ဆုံးနှစ်ပွဲတွင် ချန်လှပ်ခံခဲ့ရပြီး အသက် ၂၈ နှစ်အရွယ်ကစားသမားအနေဖြင့် ဘရိုက်တန်နှင့်စနေနေ့ပရီးမီးယားလိဂ်ပွဲတွင်မူ လူစာရင်း၌ပြန်လာ ပါဝင်လာမည်ဖြစ်သည်။

မစ်ခီတာယန်၏ခြေစွမ်းမှာ တဖြည်းဖြည်းကျဆင်းလာနေသည်ဟု မော်ရင်ဟိုကဆိုသည်။ နိုဝင်ဘာ ၅ တွင် ချယ်လ်ဆီးကို ၁-၀ ဂိုးဖြင့်ရှုံးသည့်ပွဲ၌ ပွဲချိန် ၆၂ မိနစ်တွင်လူစားလဲခြင်းခံရသည့် မစ်ခီတာယန်သည် ယင်းမတိုင်မီ ပရီးမီးယားလိဂ် ၁၁ ပွဲ၌ ၁၀ ပွဲ ပွဲထွက်ကစားခွင့်ရခဲ့သည်။

“သူ့ရဲ့နောက်ဆုံးခြေစွမ်းကို ကျွန်တော်မကျေနပ်ပါဘူး။ တစ်ပွဲ၊ နှစ်ပွဲအကြောင်းကိုပြောနေတာမဟုတ်ပါဘူး။ လေး၊ ငါးပွဲလောက် ရှိနေပြီ။

ရာသီအစပိုင်းတုန်းက ကောင်းတယ်။ ဂိုးသွင်းစွမ်းရည်၊ ဂိုးဖန်တီးစွမ်းရည်၊ ဖိအားပေးကစားပုံတွေကြောင့်ရထားတဲ့ နံပါတ် ၁၀ နေရာက ခြေစွမ်းက တစ်ဖြည်းဖြည်းနဲ့ကျလာတယ်။

အဲဒါကသူ့ကိုချန်ထားဖို့လုံလောက်တဲ့အကြောင်းပြချက်ပါပဲ။ တခြားကစားသမားတွေကိုလည်း အခွင့်အရေးပေးသင့်တယ်လေ။ အလုပ်လုပ်တဲ့သူတိုင်းအခွင့်အရေးရသင့်တယ်။ ရိုးရိုးလေးပါပဲ”ဟု မော်ရင်ဟိုကဆိုသည်။

ဒေါ့မွန်အသင်းသည် ရောင်းချပြီးသားကစားသမားများကိုပြန်လည်ခေါ်ယူလေ့ရှိသည့် အစဉ်အလာရှိသည်။ ယူနိုက်တက်တွင် နှစ်နှစ်ကြာကစားခဲ့သည့် ကွင်းလယ်လူကာဂါဝါသည် ၂၀၁၄ တွင် ဂျာမန်ကလပ်သို့ပြန်ပြောင်းခဲ့ဖူးသည်။

ဂျာမနီကွင်းလယ်လူဂေါ့ဇီသည် ဘိုင်ယန်မြူးနစ်မှလည်းကောင်း၊ တူရကီကွင်းလယ်လူ ဆာဟင်သည် ရီးယဲလ်မက်ဒရစ်၊ လီဗာပူးလ်တို့မှလည်းကောင်း ဒေါ့မွန်သို့ပြန်ပြောင်းခဲ့ကြသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly