တိုင်းရင်းသားအဖွဲ့အစည်းများ၏ဆက်ဆံရေးရုံးများ အစိုးရဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အခက်ခဲများရှိနေ

တိုင်းရင်းသားအဖွဲ့အစည်းများ၏ဆက်ဆံရေးရုံးများ အစိုးရဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အခက်ခဲများရှိနေ

 

လွိုင်ကော်၊ နိုဝင်ဘာ ၂၅ ။             ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များအတွက် အာဏာပိုင်အစိုးရနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အခက်အခဲများရှိနေကြောင်း ဆက်ဆံရေးရုံးတာဝန်ရှိသူများက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံးများသည် တပ်မတော်နှင့် ၄င်းတို့၏တပ်များ ထိတွေ့မှုမရှိစေရန် ကြားဝင် ညှိနှိုင်းပေးရသည့်အဖွဲ့များဖြစ်သည်။

သို့သော်လည်း အစိုးရ၏ ဌာနဆိုင်ရာများ၊တပ်ပိုင်းဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရသည့်အခါတွင် NCA စာချုပ်နှင့်ပက်သက်သည့် ဂတိကဝတ်များကို မသိရှိသည့်ဌာနများလည်း ရှိနေကြောင်း ABSDF အတွင်းရေးမှူး ရဲဘော်မြင့်ဟိန်း(ခ) မြင့်ဦးကဆိုသည်။

“ တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ ဂတိကဝတ်တွေရဲ့ ပြဌာန်းချက်အတိုင်း တစ်ဖက်ကသိနေဖို့လိုတယ်။ မသိတဲ့အခါကျ အချိန်တွေကြာတဲ့အခါကျ တပ်ပိုင်းဆိုင်ရာကိစ္စတွေက ပဋိပက္ခတွေနဲ့ရှုပ်ထွေးစေတယ်။ နားလည်မှုလွှဲပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေဆိုတော့ သွေးထွက်သံယို အခြေအနေတွေဖြစ်လာနိုင်တယ်” ဟု၄င်းကဆိုသည်။

အာဏာပိုင်အဖွဲ့အစည်း၊ တပ်ပိုင်းဆိုင်ရာနှင့် ပက်သက်သည့်အဖွဲ့အစည်းများအနေဖြင့် အောက်ခြေဌာနများအထိ NCA ပါဂတိကဝတ်များကိုနား လည်ရန်လိုအပ်ကြောင်း ရဲဘော်မြင့်ဟိန်းကပြောသည်။

အစိုးရဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရသည့်ကိစ္စများနှင့်ပက်သက်ပြီး “ ဆက်ဆံတဲ့နေရာမှာတော်တော်လေးဂွကျတယ်။ ပြီးတော့တချို့ တတ်လာတဲ့ တချို့ဝန်ကြီးတွေကလည်း ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နားမလည်လို့လား ဒါမှမဟုတ် နားလည်ရဲ့သားနဲ့ နားမလည်ဟန်ဆောင်တာလားတော့မသိဘူး။ တော်တော်လေး ဆက်ဆံရတာ ခက်တဲ့အပိုင်း တွေရှိတယ် “ ဟု ချင်းအမျိုးသားတပ်ဦး (CNF) ထန်တလန်ဆက်ဆံရေးရုံးတာဝန်ခံ Ralhnin ကပြောသည်။

ထို့ကြောင့် အပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် တစ်ဖက်နှင့် တစ်ဖက် နားလည်နိုင်သည့်အခြေအနေတွင်မရှိသေးသောကြောင့် တချို့ကိစ္စများအား အချိန်ယူပြောဆိုရကြောင်းလည်း ၄င်းကဆိုသည်။

ဆိုပါကိစ္စများနှင့်ပက်သက်ပြီး ABSDF မှ ရဲဘော်မြင့်ဟိန်းက “ အကျွန်တော်တို့နဲလည်း ပုံမှန်ထိတွေ့ဆက်ဆံတဲ့ လုပ်ငန်းစဉ်တွေ ရှိဖို့လိုတယ်။ အဲ့တာမှ ကျွန်တော်တို့လည်း တင်ပြလို့ရမယ် ။ သူတို့ဘက်ကအခက်အခဲတွေကိုလည်း နှစ်ဦးနှစ်ဖက်ညှိနှိုင်းဖြေရှင်းနိုင်တဲ့ လုပ်ငန်းစဉ်လိုဟာမျိုးချမှတ်နိုင်ဖို့လိုတယ်” ဟုပြောဆိုသည်။

ဆက်ဆံရေးရုံးများ သည် အပစ်အခတ်ရပ်စဲရေး ထိန်းသိမ်းရန်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဦးတည်သည့် လုပ်ငန်းများဆောင်ရွက်ရန်၊ အရပ်သားပြည်သူ လူထုကို ကာကွယ်ရန်၊ ကူညီရန်၊ မိမိ၏ ဘာသာစကားများကို ပြန်လည် မြှင့်တင်ရန် စသည့် အချက်များ ကိုဆောင်ရွက် ရခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး (Bilateral Agreement) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများသည် စာချုပ်များအရ အစိုးရ၊ ပြည်သူလူထုအပါအဝင် တပ်မတော်နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ ညှိနှိုင်းနိုင်ရန်အတွက် ဆက်ဆံရေးရုံးများ ကိုဖွင့်လှစ်ထားခြင်းလည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly