လူငယ်နဲ့ စာဖတ်ခြင်းအနုပညာ

 

၁။

“လူငယ်အများစုဟာ စာဖတ်ခြင်းကို အလေးအနက်မထားကြတော့ဘူး”ဆိုတဲ့စကား ခဏခဏ ကျွန်တော်ကြားခဲ့ရပါတယ်။ အဲဒီစကားကို ကျွန်တော် သဘောမတူပါဘူး။

လူငယ်တွေဟာ စာဖတ်ကြပါတယ်။ ခေတ်တွေပြောင်းလာတဲ့အခါ စာဖတ်ခြင်းပုံသဏ္ဍာန်လည်း လိုက်ပြီးပြောင်းသွားတာပဲ ရှိတာပါ။ တကယ်တော့ လူငယ်တွေ စာဖတ်ကြပါတယ်။

စာဖတ်ခြင်းရဲ့တန်ဘိုးကို ဥပမာတစ်ခုအနေနဲ့ပြောရင် စာအုပ်တစ်အုပ်ကို ကောက်ကိုင်ပြီး စာရွက်တစ်ရွက်ကို လှပ်လိုက်တာနဲ့တပြိုင်နက် သင်ဟာ ကမ္ဘာကြီးထဲ ခြေတလှမ်းလှမ်းလိုက်တဲ့ သဘောလို့ ပြောလို့ရပါတယ်။ စာရွက်သုံးလေးရွက် လှပ်ပြီးဖတ်ရင် ကမ္ဘာကြီးထဲ ခြေလှမ်းသုံးလေးလှမ်း လှမ်းဝင်ကြည့်တဲ့သဘောပါပဲ။ စာရွက်အကုန်လုံး တစ်အုပ်လုံးကုန်အောင် လှပ်ပြီးဖတ်ပြိီးပြီလား၊ ဒါဆိုရင် သင်ဟာ ကမ္ဘာကြီးရဲ့နေရာအနှံ့ ခရီးနှင်လိုက်နိုင်ပြီဆိုတဲ့ သဘောပါပဲ။

ဒီနေရာမှာ ကမ္ဘာကြိိီးထဲ ခြေလှမ်းလှမ်းတယ်ဆိုတာ စာအုပ်တွေက ပေးတဲ့ အသိပညာကို စာဖတ်သူက စားသုံးလိုက်ရတဲ့သဘော တင်စားပြောဆိုလိုက်တာပါ။ အဲ….၊ စာအုပ်တွေ အများကြီးဖတ်ထားတဲ့သူဟာ အများနဲ့ မတူကွဲပြား ထူးခြားစွာ အသိပညာဝမ်းစာ အများကြီး သိုမှီးထားတဲ့သူလို့ ဆိုနိုင်ပြိီပေါ့။

ဒါပေမယ့် အထူး သတိပေးလိုတဲ့အချက်တော့ ရှိပါတယ်။ သင်ဟာ စာရွက်တစ်ရွက်လှပ်ရင် ရှေ့ကို ခြေတစ်လှမ်းလှမ်းတာ မှန်ပေမယ့် အဲဒီစာရွက်အပြင် နောက်ထပ်စာရွက်တစ်ရွက် ဆက်ပြီး မလှပ်ဘဲထားလိုက်ရင််တော့ သင်ဟာ ခြေတစ်လှမ်းစာပဲ ကမ္ဘာကြီးထဲ ၀င်ကြည့်တဲ့သူ ဖြစ်သွားပါလိမ့်မယ်။ အသိပညာဝမ်းစာကို ခြေတစ်လှမ်းလောက်နဲ့ပဲ တင်းတိမ်လိုက်ရသူ ဖြစ်သွားမှာလည်း အသေအချာပါပဲ။ အဲဒီအချက်ကိုတော့ အထူးသတိပြုကြရမှာဖြစ်ပါတယ်။

၂။

အထက်က ကျွန်တော်ပြောခဲ့တာ ရှိတယ်။ လူငယ်တွေ စာမဖတ်ကြတော့ဘူးဆိုတဲ့စကားကို ကျွန်တော် သဘာမတူဘူးလို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် လူငယ်တွေဟာ စာဖတ်ကြပါတယ်၊ စာဖတ်ပုံ စာဖတ်နည်းသာ ပြောင်းလဲသွားတဲ့ ခေတ်နဲ့အညီ ဖတ်ပုံဖတ်နည်း ကွာသွားတာပဲ ရှိတာပါလို့လည်း ကျွန်တော်ပြောခဲ့ပါတယ်။

ပြန်စဉ်းစားကြည့်ကြရအောင်ပါ။

လက်ရှိ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်ဟာ အတတ်ပညာ အသိပညာများ ပေါက်ကွဲပြန့်ကား ဆန်းသစ်လွန်းတဲ့ခေတ်ဖြစ်ပါတယ်။ လူသားတွေရဲ့ အတတ်ပညာ အသိပညာနယ်ပယ်ဟာ လွန်ခဲ့တဲ့နှစ် ၅၀ တုန်းကနဲ့ မနှိုင်းယှဉ်နိုင်လောက်အောင် ပြောင်းလဲသွားခဲ့ပြိီဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ လူသားရဲ့ အသိပညာရေး အတတ်ပညာရေးနယ်ပယ်ဟာ သာမာန်ပြောင်းလဲတိုးတက်ခြင်း မဟုတ်ဘဲ ပေါက်ကွဲမြင့်မားတဲ့သဘောနဲ့ ပြောင်းလဲလာနေတာ ဖြစ်ပါတယ်။ ယခင့်ယခင်ကထက် ပိုမိုကျယ်ပြန့်လာနေသလိုပဲ ပိုပြီးလည်း အသေးစိပ်ပါတယ်။ ပိုပြီးတော့ ထွေပြားများပြားလွန်းလာပါတယ်။

ဒိီလို ပြောင်းလဲလာနေမှုဟာ တခြားနယ်ပယ်များနည်းတူ စာပေမှာလည်း ဒီအတိုင်းပါပဲ။ တချိန်က လက်နှိပ်စက်နဲ့ စာရေးစာရိုက်လို့ရရာကနေ ကွန်ပြူတာနဲ့ စာရေးစာရိုက်လို့ ရလာပါတယ်။ စာရေးတဲ့အခါ ကွန်ပြူတာနဲ့ စာရေးရတာ ဘယ်လောက် အကျိုးသက်ရောက်မှုရှိသလဲဆိုတာ လူငယ်တိုင်း သိပြီးဖြစ်ပါတယ်။ ကြိုက်သလို စာစီစာရိုက် မှတ်သားသိုဝှက် လိုသလို အကုန်လုပ်လို့ရတဲ့ နည်းပညာတစ်ရပ်ဖြစ်လာပါတယ်။ ကမ္ဘာကြီးပေါ်မှာ အီလက်ထရောနစ် ကွန်ပြူတာ ပေါ်လာတာနဲ့ အီလက်ထရောနစ် ဆက်သွယ်ရေးနည်းပညာတွေ ပေါ်လာတာနဲ့တပြိုင်နက် ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှု အသိပညာနယ်ပယ်ကြီးဟာလည်း ကောင်းကင်အသစ်တစ်ခု ကောက်တပ်လိုက်သလို ပြောင်းလဲသွားရတာပါပဲ။ ဒီတော့လည်း လူသားတွေဟာ သိစရာ၊ ထိမှတ်စရာ၊ သိုမှီးစရာ၊ အသုံးချစရာ၊ လေ့လာစရာ အစရှိတဲ့ လူ့အသိညာဏ်တရားလေ့ကျင့်ရေးနယ်ပယ်ကြီးလည်း အရှိန်အဟုန်နဲ့ ပြောင်းလဲသစ်လွင်လာရပါတယ်။

ဒိီလိုအခြေအနေမျိုးမှာ မွေးဖွားကြီးပြင်းကြရတဲ့ လူငယ်တွေဟာ လူ့အသိပညာ လူ့အတတ်ပညာရေးနယ်ပယ်ကြိီးအတွင်း အချိန်နဲ့အမျှ ၀င်ရောက်မွှေနှောက် လေ့လာစရာ ပြုမူဆောင်ရွက်စရာ ကိစ္စတွေကလည်း အင်မတန် များပြားကြွယ်ဝလာခဲ့ပါတယ်။ ဆန်းသစ်မှု လျင်မြန်မှုနဲ့အလျဉ်မီအောင် လူငယ်တွေအားလုံး အစဉ်တစိုက် အားထုတ်ကြရပါတော့တယ်။ အဲဒီအခါ လူငယ်တွေရဲ့ဆန္ဒဟာ ပုံနှိပ်မီဒီယာလောက်နဲ့ အလျင်မမီနိုင်ကြပါဘူး။ အီလက်ထရောနစ် နည်းပညာအပေါ်အခြေခံတဲ့ လေ့လာမှုများ အသုံးချမှုများ လုပ်ကြရပါတော့တယ်။ တိုတိုပြောရရင် လူငယ်တွေရဲ့ ထိတွေ့နိုင်မှုဟာ ယခင်အချိန်တုန်းကလို အချိန်ဆွဲနေလို့မရတော့သလို လေးလံနှေးကွေးနေလို့လည်း မရတော့ပါဘူး။ လူငယ်တွေဟာ အချိန်တိုအတွင်း ကမ္ဘာကြီးကို လှပ်ကြည့်နိုင်ဖို့ လိုအပ်လာခဲ့ပါတယ်။ အပြည့်စုံဆုံးပြောရရင်တော့ လူငယ်တွေ ဘဝရပ်တည်ရေး၊ အသိပညာ တပ်ဆင်ရေးနဲ့ လေ့ကျင့်သင်ကြားရေးကိစ္စကြီးအတွက် အံဝင်ခွင်ကျအဖြစ်ဆုံး လက်နက်ဟာ အီလက်ထရောနစ် နည်းပညာအပေါ်အခြေခံတဲ့ စာပေရေးသားမှု၊ ပုံနှိပ်လုပ်ငန်း၊ ဖြန့်ချိရေးများကို မကိုင်စွဲရင် ဘယ်နည်းနဲ့မှမဖြစ်နိုင်တော့တဲ့ အခြေအနေမျိုးဖြစ်လာပါတယ်။ ဒီလိုအခြေအနေမှာ လူငယ်တွေဟာ   လေ့လာရေးမှာ အချိန်တိုရမယ်၊ ပိုမိုအသေးစိပ်ရမယ်၊ ပိုမိုဆန်းပြားသစ်လွင်ရမယ်ဆိုတဲ့ လိုအပ်ချက်အရ အချိန်ယူပြီးဖတ်ရမယ့် စာအုပ်တွေကို ခဏဘေးမှာ ချထားကြရသလိုဖြစ်လာပါတယ်။ အချိန်ယူပြိီးရေးမှရတဲ့ စာကြီးပေကြီးတွေကို ခဏ ရပ်ထားရသလို ဖြစ်လာပါတယ်။ အချိန်ယူပြီးမှ ဖြန့်ချိရမယ့်နည်းတွေကို ရှောင်ရှားကြရပါတယ်။ ဒီလိုနဲ့ပဲ လိုရင်းတိုရှင်း စာပေတွေနဲ့ ပိိုမိုနီးစပ်လာရပြီး သေသေချာချာ အချိန်ယူ ဖတ်ရှုရမယ့် စာပေတွေနဲ့ ဝေးသွားရပါတယ်။

ဒါဟာ လက်ရှိခေတ် လက်ရှိဘဝ အနေအထားများက လူငယ်တွေ စာမဖတ်ကြတော့ဘူးလို့ အထင်ခံရလောက်အောင်ဖြစ်စေတဲ့ အနေအထားပါပဲ။ ဒါဆိုရင် လူငယ်တွေ စာကြီးပေကြီးတွေ ဖတ်လာရအောင်၊ အတွေးအခေါ် ရင့်ကျက်တဲ့ စာပေတွေ လူငယ်တွေ လက်လှမ်းမီရလေအောင် ကျွန်တော်တို့ ဘာလုပ်ကြမလည်း။ လူငယ်တွေဟာ ယေဘုယျအားဖြင့် ဆူလွယ်နပ်လွယ်စာပေလို့ ပြောနေကြတဲ့ အင်တာနက် လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်လိုဖန်သားပြင်ပေါ်က စာတိုပေစတွေအပြင် တခြားတကယ့် လူ့ဘဝရဲ့ အတွင်းနက်နက်ထဲ တိုးဝင်ကြည့်လို့ရတဲ့ အခြေအမြစ်ကျကျ စာပေတွေဆီ ပြန်လည်အာရုံကိုင်းညွှတ်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြရင်ကောင်းမလဲ။

နောက်တစ်ပတ်ကြရင် ဆက်ပြီး ဆွေးနွေးကြရအောင်ပါ။

လူငယ်တွေ ဆူလွယ်နပ်လွယ်စာပေနယ်ပယ်ထက် ပိုမိုကျယ်ပြန့်နက်ရှိုင်းတဲ့ စာပေဘက်ဆိီအထိ တက်လှမ်းသွားနိုင်ကြပါစေဗျား။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly