အီဂျစ်က ဗလီတိုက်ခိုက်မှု သေဆုံးသူ ရာကျော်ရှိ

အီဂျစ်က ဗလီတိုက်ခိုက်မှု သေဆုံးသူ ရာကျော်ရှိ

ကိုင်ရို၊ နိုဝင်ဘာ ၂၄ ။        ။ အီဂျစ်နိုင်ငံက တည်ငြိမ်မှုကင်းမဲ့သော မြောက်ပိုင်း ဆိုင်နိုင်းပြည်နယ်ရှိ ဗလီတစ်ခုကို လက်နက်ကိုင်များ တိုက်ခိုက်ပြီး ဗုံးထောင်ဖောက်ခွဲရာ သေဆုံးသူပေါင်း ၁၁၅ ဦးအထိ ရှိခဲ့သဖြင့် နိုင်ငံ၏ မကြာသေးမီက သတင်းမှတ်တမ်းမှတ်ရာများတွင် အသေအပျောက်အများဆုံးသော တိုက်ခိုက်မှုဖြစ်ကြောင်း နိုင်ငံပိုင်သတင်းက ထုတ်ပြန်သည်။

ပြည်နယ်၏မြို့တော် El-Arusha မှ အနောက်ဖက် ၄၀ ကီလိုမီတာအကွာရှိ ရာဝါဒီဗလီတွင် ဝတ်ပြုဆုတောင်းသူများကို သေနတ်သမားများက ပစ်ခတ်ပြီးနောက် ဗုံးထောင်ရာ ပြင်းထန်သည့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် သေဆုံးသူ ၁၁၅ ဦးရှိပြီး ဒဏ်ရာရသူပေါင်း ၈၀ ထက်မနည်း ရှိကြောင်း နိုင်ငံပိုင် သတင်းစာ Al-Aharm က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ဆိုင်နိုင်းကျွန်းဆွယ် မြောက်ပိုင်းတွင် အိုင်အက်စ်အုပ်စု၏ အီဂျစ် ယူနစ်များက ရဲနှင့် စစ်သား ရာပေါင်းများစွာကို သတ်ဖြတ်နေသလို အာဏာပိုင်များနှင့် ပူးပေါင်းသည် စွပ်စွဲချက်ဖြင့် အရပ်သားပြည်သူများအားလည်း သတ်ဖြတ်ခြင်းများ ရှိသည်။

၎င်းအိုင်အက်စ်လက်ခွဲများသည် ဆွန်နီအစ္စလာမ်များအပြင် ခရစ်ယာန်များကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ရှိနေသည်။

ယခု သေဆုံး ဒဏ်ရာရသူများတွင် အရပ်သားများနှင့် ဗလီတွင် ဝတ်ပြုဆုတောင်းသူများပါ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly