နယူးယောက်က ကျေးဇူးတော်နေ့ ချီတန်းလှည့်လည်မှုတွင် လုံခြုံရေးတင်းကြပ်စွာ ချထား

.

နယူးယောက်၊ နိုဝင်ဘာ ၂၄ ။         ။ အမေရိကန်နိုင်ငံ နယူးယောက်တွင် ပုံမှန်နှစ်စဉ် ကျင်းပမြဲဖြစ်သည့် ဘုရားသခင်၏ ကျေးဇူးတော်ကို အောင်းမေ့သော အထိမ်းအမှတ်ဖြစ်သည့်   ကျေးဇူးတော်နေ့ကို နိုဝင်ဘာ ၂၃ ရက်က ကျင်းပကြကာ များစွာသော လူအုပ်ကြီးက ဗဟိုပန်းခြံမှ ဟာရတ်ရင်ပြင်အထိ ချီတန်းလှည့်လည်ကြရာ မကြာသေးမီက အကြမ်းဖက်မှုများ ဖြစ်ပွားထားခြင်းကြောင့် အာဏာပိုင်များက လုံခြုံရေး တင်းကြပ်စွာ ချထားပေးရသည်။

ထောင်ပေါင်းများစွာသော ပြည်သူများက စီတန်းလှည့်လည်လာသော လူအုပ်ကြီးကို ကောင်းချီးလက်ခုပ်သြဘာတီးကြသည်။ မစ်ကီမောက်စ်၊ အန်းဂရီးဘတ်နှင့် အခြားသော ကာတွန်းဇာတ်ကောင်းများ ပုံစံ ဝတ်ဆင်ထားကြကာ လှည့်လည်ကြခြင်း ဖြစ်ပြီး ပူဖောင်းများလည်း ဖွေးဖွေးလှုပ်နေသည်။

ထိုသို့ စီတန်းလှည့်လည်သော နှစ်မိုင်ခွဲအရှည်ရှိ လူစီတန်းကြီးကို ရဲကင်းအင်အား ထောင်ကျော်ဖြင့် လုံခြုံရေး ပေးထားသည်။

ယခုပွဲသည် အောက်တိုဘာ ၃၁ ရက်က နယူးယောက်မြို့အတွင်း ထရပ်ကားဖြင့် လမ်းပေါ်လိုက်တိုက်သည့် အကြမ်းဖက်မှုကြောင့် လူ ရှစ်ဦး သေဆုံးပြီး သီတင်းပတ်များအကြာ ကျင်းပသည့် ပွဲတော်လည်း ဖြစ်ခြင်းကြောင့် လုံခြုံရေးအထူး ဂရုစိုက်နေခြင်း ဖြစ်သည်။

အဆိုပါ ထရပ်ကားတိုက်မှုကဲ့သို့ အကြမ်းဖက်မှုမျိုး ထပ်မဖြစ်စေရေး တားဆီးနိုင်ရန် လမ်းဆုံလမ်းခွများတွင် မြေကျောက်သယ်ကားကြီးများကို အရန်သင့် ရပ်ထားကာ ကွန်ဂရစ်အတားအဆီးများလည်း ချထားသည်။

လုံခြုံရေး စိတ်ချရရေးအတွက် အစွမ်းကုန်အားထုတ်မှုအနေဖြင့် လေကြောင်းယူနစ်၊ လက်နက်ကြီးအဖွဲ့၊ ရဲခွေးယူနစ်များနှင့် စောင့်ကြည့်ရေးအဖွဲ့များကိုပါ တပ်ဖြန့်ချထားမည်ဖြစ်ကြောင်း နယူးယောက်ရဲချုပ် မိုနာဟန်က ပြောခဲ့သည်။