သိမ်းဆည်းမြေ ပိုင်ရှင်ပြန်ရရန် ခက်ခဲဟု မန္တလေးအမတ်တချို့ ပြောကြား

.

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခု (ဓာတ်ပုံ - အောင်ငြိမ်းချမ်း/Myanmar Now)

ဌာနဆိုင်ရာတို့က သိမ်းယူထားသည့်မြေ ဧရိယာ အများအပြားကို  ပြန်လည် စွန့်လွှတ်သည်ဟု အာဏာပိုင်တို့က ကြေညာထားသော်လည်း မူလပိုင်ရှင်များလက်ဝယ်သို့ ရောက်ရှိရေးမှာ ခက်ခဲနေသည်ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှ ကိုယ်စားလှယ်တချို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြောသည်။

တိုင်းလွှတ်တော်တွင် သိမ်းဆည်းမြေအရေး ဆွေးနွေးစဉ် အာဏာပိုင်တို့ဘက်မှ လာရောက်ဖြေရှင်းသူက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ (လယ်ပြန်စစ်) အဆင့်ဆင့်သို့  တင်ပြဆောင်ရွက်သွားမည်ဟု အကြောင်းပြန်သော်လည်း  ထူးခြားမှု မရှိသေးကြောင်း ဝမ်းတွင်းမဲဆန္ဒနယ် ၂ မှ ဦးအောင်သူက ပြောသည်။

"ကျွန်တော့်တစ်ဦးချင်းအမြင် ပြောရရင် ဖြေရှင်းဖို့ မလွယ်လောက်သေးဘူးဗျ။ ကျွန်တော်တို့လည်း ဒါကို ဘယ်လိုဆက်လုပ်ရမလဲ ….မန္တလေးတိုင်း ဝန်ကြီးချုပ်ဆီပဲ တိုက်ရိုက် တင်မလား၊ လယ်ပြန်စစ်ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဆီပဲ တိုက်ရိုက်တင်မလား။ ဆိုတာ စဉ်းစားနေတာပေါ့ဗျာ" ဟု ဦးအောင်သူက ဆိုသည်။

"(သိမ်းဆည်းလယ်မြေ ပြန်လည်ရရှိရေးက) ဒီလောက် မမြန်ဘူး၊ စိတ်ရှည်သည်းခံဖို့ လယ်သမားတွေကို စည်းရုံးပြီး ပြောပေးနေရတာပေါ့။ အရင်တုန်းကလို ဆိုရင်တော့ ဆန္ဒပြပွဲတွေ ဖြစ်မှာပေါ့။ အခုတော့   အကူးအပြောင်း ကာလမှာ ဆန္ဒ မစောဖို့ လယ်သမားတွေကို ရှင်းပြထားတယ်"

မန္တလေးတိုင်းဒေသကြီးတွင် စုစုပေါင်း စွန့်လွှတ်မြေဧကပေါင်း ၃၅,၃၈၂ ဧက ရှိပြီး လွှဲအပ်ရန် ကျန်သည့်မြေဧရိယာမှ ဧက ၈ဝဝ ကျော်သာ ရှိသည်ဟု အစိုးရက ဧပြီလတွင် သတင်းထုတ်ပြန်ထားသည်။

သို့သော်လည်း တိုင်းဒေသကြီးအတွင်း စွန့်လွှတ်မြေ ပြန်မရသေးသူများ ရှိနေကြောင်း မြစ်သား မဲဆန္ဒနယ်မြေ ၁ မှ ဦးမင်းအောင်က ပြောသည်။

"(အစိုးရ ထုတ်ပြန်တဲ့) ကိန်းဂဏန်း မှန်သလား၊ မှားသလားဆိုတာ ပြောဖို့ တော်တော်ခက်တယ်။  ကျွန်တော့်အနေနဲ့ မန္တလေးတိုင်း တစ်တိုင်းလုံးကို မလွှမ်းခြုံနိုင်ဘူး" ဟု ဦးမင်းအောင်က ပြောသည်။

လဆန်းပိုင်းက မြစ်သားမြို့တွင် ဒေသတွင်း လယ်သမားများ တက်ရောက်သည့် ဆွေးနွေးပွဲ ပြုလုပ်စဉ်ကလည်း လယ်သမား အများစုက သိမ်းဆည်းမြေများအရေး  ပြောကြားခဲ့ကြသည်ဟု ဆိုသည်။

"အများစုကတော့ လယ်ယာမြေတွေ ပြန်လည် ရချင်တာပေါ့။  ကုမ္ပဏီတွေကို မြေလွတ်မြေရိုင်းမှာ နေရာချထားတာ လယ်သမားတွေ ကန့်ကွက်တယ်။ ကျွန်တော်တို့က ပြန်လည် ညှိနှိုင်းဆွေးနွေးပြီးတော့ အဖြေရှာတဲ့နည်းစနစ်ကို သွားတယ်။ လယ်ယာမြေသိမ်းဆည်းတာနဲ့ ပတ်သက်ပြီးတော့  မစွန့်လွှတ်သေးတာတွေကို ဘယ်လို စုံစမ်းစစ်ဆေးရမယ်၊ စွန့်လွှတ်ပြီးတာတွေကို ဘယ်လို ကိုင်တွယ်ရမယ်၊ လယ်စစ်ကော်မတီရဲ့မူဝါဒက ဘယ်လိုရှိတယ်ဆိုတာ သူတို့ သိအောင် ဆွေးနွေးတယ်" ဟု ဦးမင်းအောင်က ပြောသည်။

သိမ်းဆည်းမြေကို စွန့်လွှတ်ပြီးရုံနှင့် ပြဿနာများ ပြေလည်ခြင်းမရှိကြောင်း၊ မြစ်သားရှိ ဧက ၃ဝဝ ဝန်းကျင် မြေစွန့်လွှတ်မှုဖြစ်စဉ်တစ်ခုတွင်လည်း နောက်ဆက်တွဲ အခက်အခဲ များစွာ ရှိနေကြောင်း  ဒေသတွင်း လယ်ပြန်စစ်ကော်မတီတွင် ပါဝင်သည့် ဦးမင်းအောင်က  ရှင်းပြသည်။

အာဏာပိုင်တို့က ထိုမြေဧက ၃ဝဝ ကို သိမ်းယူပြီး တခြားသူများကို သီးစားချပြီး လုပ်ပိုင်ခွင့် ပေးထားခြင်းကြောင့် ပြဿနာတက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

"အခုတော့ .. ပြန်စွန့်လွှတ်လိုက်ပြီ။ အဲဒါဆိုရင် မူလပိုင်ရှင်တွေလည်း ရသင့်တယ်၊ သီးစားတွေလည်း ရသင့်ပါတယ် ဆိုပြီးတော့ အချိုးအစားညီညီ ခွဲပေးသော်လည်း မူလပိုင်ရှင်က မကျေနပ်သလို သီးစားတောင်သူကလည်း မကျေနပ်ဘူး" ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ မြစ်သား မဲဆန္ဒနယ်မြေ ၁ မှ ဦးမင်းအောင်က ပြောသည်။

"ကျွန်တော်တို့လည်း အဲဒါကို မကိုင်တွယ်နိုင်ဘူး။ ဘယ်လိုလုပ်ရမှန်းတောင် မသိဘူး။ ပြဿနာက တော်တော်ကြီးတယ်"

စွန့်လွှတ်မြေကို မူလတောင်သူများလက်သို့ ပြန်ရောက်ရေးအတွက် လယ်ပြန်စစ်ကော်မတီက လုပ်ဆောင်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှကျော်က နိုဝင်ဘာ ၂၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။