ရန်ကုန်ရှိ ဆိပ်ကမ်းများ အဆင့်မြှင့်တင်ရေးနှင့် အသစ်တည်ဆောက်ရေး လုပ်ဆောင်နေ

ရန်ကုန်ရှိ ဆိပ်ကမ်းများ အဆင့်မြှင့်တင်ရေးနှင့် အသစ်တည်ဆောက်ရေး လုပ်ဆောင်နေ

ကုန်သွယ်ရေးနှင့်ပတ်သက်၍ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် ရန်ကုန်မြို့ရှိ ပင်လယ်ဆိပ်ကမ်းများ အဆင့်မြှင့်တင်ရေး နှင့် အသစ်တည်ဆောက်ရေးအတွက် တိုင်းဒေသကြီးအစိုးရက ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

တောင်တရုတ်ပင်လယ်ဘက်တွင် စီးဆင်းနေသည့် ကုန်စည်များကို မုတ္တမပင်လယ်ကွေ့ဘက်မှ ဖြတ်ဆင်း နိုင်ပါက မြန်မာနိုင်ငံသည် ကုန်စည်အတွက် အခွင့်အလမ်းကောင်းများရှိနေသည့်အတွက် ထိုသို့ လုပ်ဆောင် ခြင်းဖြစ်ကြောင်း  နိုဝင်ဘာလ ၂၄ ရက်နေ့က နိုင်ငံတော်ဒုသမ္မတနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆိပ်ကမ်းအဆင့်မြှင့်တင်နိုင်ဖို့နဲ့ ဆိပ်ကမ်းအသစ်တွေကို တည်ဆောက်နိုင်ဖို့ ရန်ကုန်တိုင်း ဘက်က  ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့လည်း ပေါင်းစပ်ညှိနှိုင်းနေပါတယ်”  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။

ဆိပ်ကမ်းသစ်များတည်ဆောက်ရာတွင် သဘောင်္ကြီးများဆိုက်ကပ်နိုင်သည့် အခြေအနေအထိ လုပ်ဆောင်ရ မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်နှင့် လှိုင်းဒဏ်ခံနိုင်သည့် နေရာများကို စဉ်းစားသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်ဆိပ်ကမ်းများကို ပင်လယ်ဝဘက်အထိ တိုးမြှင့်ရွှေ့ပြောင်းနိုင်ရန် လေ့လာဆန်းစစ်နေမှု များပြုလုပ်နေပြီး နိုင်ငံတကာရေကြောင်းကျွမ်းကျင်သည့် ကုမ္ပဏီများနှင့်အဖွဲ့အစည်းများ၏ ထောက်ခံချက်များနှင့် အညီ ရွှေ့ပြောင်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly