မြန်မာ့ရိုးရာ တေးသီချင်း ပုဒ်ရေ ၁၀၀ ကို အွန်လိုင်းတွင် စက်တင်ဘာလ၌ စတင် ရောင်းချမည်

မြန်မာ့ရိုးရာ တေးသီချင်း ပုဒ်ရေ ၁၀၀ ကို အွန်လိုင်းတွင် စက်တင်ဘာလ၌ စတင် ရောင်းချမည်

ရန်ကုန် ၊ သြဂုတ် ၁၉ ။  ။ ဂီတကဗျာ Music Production မှ ရိုးရာအလှ အမည်ရှိ မြန်မာ့ရိုးရာ တေးသီချင်း ပုဒ်ရေ ၁၀၀ ပါဝင်သည့် တေးစီးရီး ကို စက်တင်ဘာလတွင် www.myanmarmusicstore.com ၌ စတင် ရောင်းချ သွားမည် ဖြစ်သည်။

ထို တေးစီးရီးကို ဂီတကဗျာ Music Production မှ  တေးရေး၊ တေးဆို ဓိရာမိုရ် နှင့် ဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီ Air Plane Label မှ ထုတ်လုပ်သူ ဖြစ်သည့် Jun Kawabata တို့ စီစဉ်ခြင်း ဖြစ်ပြီး ပထမ စီမံကိန်း အနေဖြင့် စတင် ပြုလုပ်ခြင်း ဖြစ်သည်။ ထို ပရောဂျက်ကို ၂၀၁၃ ခုနှစ်မှ စတင် အသံသွင်းခဲ့ပြီး ဂျပန်နိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ စတင်ကာ ဖြန့်ချိ ခဲ့သည်။

အဆိုပါ သီချင်းများ ဖြန့်ချီမည့်အကြောင်းကို သြဂုတ် ၁၉ ရက်က Orchid ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခြင်းဖြစ်သည်။ တေးရေး ၊ တေးဆို အကယ်ဒမီ ဓီရာမိုရ်က "ပထမ ပရောဂျက်ကို သီချင်း အပုဒ် ၁၀၀ သွင်းတယ် သီချင်း အပုဒ် ၁၀၀ အားလုံးက မဟာဂီတတွေ ပါတယ် ၊ အရေးကြီးတဲ့ ရိုးရာ သီချင်းတွေ ပါတယ်။ အချစ်သီချင်းတွေလည်း ပါတယ်။ Audio Quality ကတော့ ကမ္ဘာ့ အဆင့်မှီ ဖြစ်အောင် လုပ်ထားတယ်။ ကမ္ဘာကိုလည်း ဖြန့်ဖို့ ရည်ရွယ် ထားတယ်။ ကျွန်တော်တို့ မြန်မာ့ ဂီတက အခု လူငယ်တွေဆို စိတ်ဝင်းစားမှု အား နည်း တယ် ။ ဒါတွေက Music Education အတွက် ရည်ရွယ် ပါတယ်" ဟု ပြောသည်။

ဂီတကဗျာ Music Production သည် ၂၀၀၂ ခုနှစ်တွင် အော်ပရာ အမည်ဖြင့် စတင် ခဲ့ပြီး ၂၀၀၆ ခုနှစ် မှာတော့ ဂီတကဗျာ အမည်ဖြင့် တီးဝိုင်း ၊ ဖြန့်ချိရေး တို့  လုပ်ဆောင်လျက် ရှိ သည်။

ရိုးရာအလှ တေးစီးရီးတွင် ဒုံမင်း ၊ ပတ်ဝိုင်း(Solo) ၊ အိုးစည် ၊ ဒိုးပတ် ၊ ဆိုင်းဝိုင်း ၊ မြန်မာစောင်း ၊ မြန်မာ ပတ္တလား တီးခတ်မှုများ ပါဝင်မည် ဖြစ်သည်။

တေးသီချင်းများ အနေဖြင့် မဟာဂီတ အပါအဝင် (၁၉၃၁) ပတ်ဝန်းကျင်ခန့်မှ တေးသီချင်း များ စုစည်းမှု တင်ဆက်မှု ၊ ပတ်ဝိုင်း တူရိယာဖြင့် မဟာဂီတ တေးသီချင်းများအား ဝေဆာစွာ တင်ဆက်မှု ၊ နှဲ ၊ ပလွေဖြင့် မြန်မာ့ဂီတ တီးလုံးများ စုစည်း တင်ဆက်မှု ၊ (၁၈) ရာစုခေတ်မှ မဟာဂီတဆိုင်ရာ ချစ်ခြင်း မေတ္တာနှင့် ပတ်သက်သည့် သီချင်းများ  ပါဝင်မည်ဖြစ်သည်။ ယင်းအပြင် အိုးစည် နှင့် ဒိုးပတ် တူရိယာ များဖြင့် ကျေးလက် သီချင်း များ တင်ဆက်မှု ၊ နတ်ပူဇော် ပသ ရာတွင် သက်ဆိုင်ရာ နတ်များ အလိုက် တီးခတ်ရသော ဆိုင်းတီးခတ်မှု ၊ မဟာဂီတ သီချင်း များကို အခြေခံပြီး မြန်မာ့ဆိုင်းဝိုင်း၏ သဘော သဘာ၀ များအား စုစည်း တင်ဆက်မှု ၊ ဘုရားရှင်၏ ဂုဏ်တော် များကို မဟာဂီတမှ စ၍ ခေတ်ဟောင်း ၊ ကာလပေါ် ဓမ္မပူဇာတေးများ စုစည်းမှု တင်ဆက်မှု ၊ မဟာဂီတဝင် မွန် သီချင်းများ စုစည်း တင်ဆက်မှု ၊ မဟာဂီတဝင် ကြိုး ၊ ဘွဲ့ ၊ သီချင်းခန့် ၊ ပတ်ပျိုး ၊ ယိုးဒယား သီချင်းများအား စုစည်း တင်ဆက်မှု ၊ မဟာဂီတဝင် တေးသီချင်းများကို ပတ္တလား တူရိယာ အတီးသက်သက်ဖြင့် တင်ဆက်မှု များ ပါဝင်မည် ဖြစ်သည်။

ရိုးရာအလှ အမည်ရှိ Myanmar Traditional and Classical Songs သီချင်းများကို စက်တင် ဘာလတွင် www.myanmarmusicstore.com ၌ ၁၀ပုဒ် ဆီ ရောင်းချ သွားမည် ဖြစ်ပြီး နောက်ပိုင်း တွင် သီချင်းများ စုစည်းပြီး Box ပုံစံဖြင့် CD များ ဖြန့်ချိ သွားမည် ဖြစ်သည်။

ဂီတကဗျာ Music Production အနေဖြင့် ဒုတိယ ပရောဂျက် အနေဖြင့် လက်ရှိတွင် Myanmar Traditional and Classical Songs အပုဒ်ရေ ၈၀ အသံသွင်း  ယူပြီး ဖြစ်သလို နိုင်ငံတကာ အဆင့်မှီ ဖြစ်အောင် ပရောဂျက် များဖြင့် ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly