စိတ်ကြွဆေးပြား တစ်သောင်းကျော် ကလောတွင် ဖမ်းမိ

စိတ်ကြွဆေးပြား တစ်သောင်းကျော် ကလောတွင် ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာလ ၂၄ ။           ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ မကွေ့ကျေးရွာအနီး ကလော - သာစည်ကားလမ်းတွင် ဆိုင်ကယ် စီးလာသူတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား တစ်သောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

အဆိုပါ စိတ်ကြွဆေးပြားများအား တောင်ကြီးမြို့မှ မူးယစ်တပ်ဖွဲ့စု(၂၅) ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့မှ နိုဝင်ဘာလ ၂၃ ရက်၊ ညနေ ၆ နာရီ၊ ၃ဝ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ မကွေ့ကျေးရွာအနီး ကလော - သာစည် ကားလမ်း၊ မိုင်တိုင်အမှတ်(၅၉/၁)တွင် ကိုကိုထွန်းဆိုသူနှင့် အေးချမ်းကိုကို (ခ) အီသာ ဆိုသူတို့ မောင်းနှင်လာသော ဆိုင်ကယ်နှစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ကိုကိုထွန်းဆိုသူထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၃,၈ဝဝ ပြား နှင့် လက်ကိုင်ဖုန်းနှစ်လုံးကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ထိုသို့ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိခဲ့သော အသက် ၃၈ နှစ်အရွယ် ကိုကိုထွန်းဆိုသူနှင့် အသက် ၂၄ နှစ်အရွယ် အေးချမ်းကိုကို (ခ) အီသာ ဆိုသူတို့ကို သက်ဆိုင်ရာ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။

အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ရွှေဘုံသာ ကျေး ရွာနေ မအေးအေးသင်းဆိုသူ၏ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,ဝဝဝ  သိမ်းဆည်းရမိခဲ့သည်။

ထိုသို့ ဆေးပြားများ လက်ဝယ်ဖမ်းမိခဲ့သဖြင့် အသက် ၄၁ နှစ်အရွယ် အေးအေးသင်းဆိုသူကိုလည်း သက်ဆိုင် ရာရဲစခန်းတွင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly