ဆန္ဒပြပွဲ နှောက်ယှက်သူကို အရေးယူ

ဆန္ဒပြပွဲ နှောက်ယှက်သူကို အရေးယူ

မကွေး နိုဝင်ဘာ၂၄ ။           ။ မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများအား အနှောက်အယှက််ဖြစ်စေအောင် ပြောဆိုခဲ့သူကို နိဝင်ဘာ ၂၃ရက်နေ့က ငြိမ်းချမ်းစွာ စီတန်းလှည်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း စလင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ နိဝင်ဘာ ၂၃ရက်နေ့ နံနက် ၉နာရီ၃၀မိနစ် အချိန်ကစ၍ စလင်းမြို့နယ် တရားရုံးရှေ့တွင် တရားရေးအဖွဲ့အစည်းအား ဆန္ဒဖော်ထုတ် ပြသရာမှစတင်ခဲ့သည်။ ဆန္ဒပြနေသည့် မကျီးပင်ပု ကျေးရွာအုပ်စု၊ကူတိုမြောက်ကျေးရွာနေ တောင်သူဒေါ်ဝင်းဝင်မော်၊ အင်းပုတ်ကျေးရွာနေ တောင်သူဒေါ်ရီရွှေ၊မကျီးကုန်းကျေးရွာနေ တောင်သူဒေါ်ကြည်ကြည်မြင့်တို့အား နေ့လည် ၂နာရီရီခန့်တွင် အမည်မသိ လူ(၁)ဦးမှ ဓါတ်ပုံရိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ဓါတ်ပုံရိုက်သူမှာ

ရဲဝန်ထမ်း(၁)ဦးဖြစ်ကြောင်း ဆန္ဒပြသူများကပြောဆိုခဲ့ကြသည်။ထိုသို့ပြောဆိုနေစဉ် အနီးရှိ စျေးဆိုင်တွင် ရှိနေသော မမြတ်မြတ်မိုးက ရဲဝန်ထမ်းမဟုတ်ကြောင်း ဒေါ်ဝင်းဝင်းမော်တို့နှင့် ငြင်းခုန်ပြောဆိုရာမှ ဆန္ဒပြပွဲပျက်သွားခဲ့သည်။

“ဒေါ်ဝင်းဝင်းမော်ပါ(၃)ဦးကို ဟန့်တားတာ၊ နှောက်ယှက်တာ ကို ကျွန်တော်တို့က ကာကွယ်ပေးတယ်၊ အခုလိုဖြစ်သွားတာဆိုတော့ ကျွန်တော်ကနေပြီး တရားလိုလုပ်ပြီးမှ နှောက်ယှက်တဲ့ အမျိုးသမီးကို ငြိမ်းစုစီ ပုဒ်မ ၁၈နဲ့ အရေးယူပေးဖို့ စလင်းမြို့မရဲစခန်းမှာ တိုင်းတန်းခဲ့ပါတယ်၊ ဒါဟာ ဆန္ဒပြတဲ့သူတွေကို ကာကွယ်ပေးလိုက်တာပါ”  ဟု အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအား လုံခြံုရေး တာဝန်ယူထားသော ရဲတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် စလင်းမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်မြင့်ဝင်းက မဇ္ဈိမသို့ပြောသည်။

‌ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မမြတ်မြတ်မိုး ကိုဒုရဲအုပ်ကျော်မြင့်ဝင်းက တရားလိုပြုလုပ် တိုင်းတန်း၍ (ပ) ၄၀၅/၁၇၊ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ၁၈ဖြင့် စလင်းမြို့မရဲစခန်းတွင် နိဝင်ဘာ ၂၃ရက်နေ့က အမှုဖွင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly