တေးရေး တေးဆို အကယ်ဒီ ဓီရာမိုရ်၏ လေးခွေမြောက် တစ်ကိုယ်တော် အခွေ အွန်လိုင်းမှ ရောင်းချမည်

တေးရေး တေးဆို အကယ်ဒီ ဓီရာမိုရ်၏ လေးခွေမြောက် တစ်ကိုယ်တော် အခွေ အွန်လိုင်းမှ ရောင်းချမည်

ရန်ကုန် ၊ သြဂုတ် ၁၉ ။         ။ တေးရေး ၊ တေးဆို အကယ်ဒီ ဓီရာမိုရ် ၏ စတုတ္ထမြောက် တစ်ကိုယ်တော် Album ဖြစ်သည့် မြစ်အိုကြီး တေးစီးရီးအခွေကို စက်တင်ဘာလ ၁ရက်တွင် www.myanmarmusicstore.com ၌ စတင် ရောင်းချမည် ဖြစ်သည်။

ထို တစ်ကိုယ်တော် တေးအယ်ဘမ်ကို တစ်နှစ်ကြာ စီစဉ် ခဲ့ပြီး မြစ်အိုကြီး ဆိုသည့် အဓိပ္ပါယ်သည် ကလေး တစ်ယောက် မွေးဖွား လာရာကပင် ပါလာသည့် ဗီဇသွေးသည် လူသားမျိုးစိတ် ဗီဇ အစပြု ကတည်းက စီးဆင်း လာသည့် အတွက် မြစ်အိုကြီး ဟု ခံစား နားလည် မိသည့် အတွက် တင်စား ထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။  ထို သီချင်းသည် ၎င်း၏ ပထမဆုံး တေးအယ်ဘမ် တွင် ပါရှိသည့် သီချင်း တစ်ပုဒ် ဖြစ်ပြီး သံစဉ်ကို ဓီရာမိုရ် မှ ရေးသားကာ စာသားကို ၎င်း၏ သူငယ်ချင်း ဖြစ်သူ နေထွန်း ရေးသား ထားခြင်းဖြစ်သည်။

၎င်း၏ အယ်လ်ဘမ်မိတ်ဆက်ပွဲကို သြဂုတ် ၁၉ ရက်က Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။ တေးရေး ၊ တေးဆို အကယ်ဒီ ဓီရာမိုရ်က   "အရင်အခွေနဲ့မတူတာက သီချင်း Collection ပဲ Collection ကတော့ မြစ်အိုကြီး ဆိုတာကို ယူလိုက်တယ်။ ဘယ်လောက်ပဲ ဟောင်းဟောင်း ကျွန်တော်တို့ society တစ်ခုမှာ အရေးကြီးတယ် တန်ဖိုး ထားရမယ် ဆိုတဲ့ သီချင်း ကို Collection လုပ်တယ်။ နောက်တစ်ချက်က တူရိယာတွေ သုံးတာပေါ့ အဲတာကတော့ နည်းနည်း လေး ကွဲပြား လိမ့်မယ်။ ပြီးတော့ ဒီအခွေကို ဂျပန်က အသံဖမ်းပေး ထားတယ် " ဟု ပြောသည်။

မြစ်အိုကြီး တေးအယ်ဘမ်တွင် Pop ၊ Rock ၊ Orchestra ၊ Choir ၊ Traditional Music များ ပေါင်းစပ် နေသည့် ဂီတ ပုံစံများ ပါဝင်မည် ဖြစ်သည်။ တေးရေးများ အဖြစ် အကြည်တော် ၊ အရိုး ၊ Takeharu lshizuka ၊ နေထွန်း ၊ တီလုံး အပြင် ဓီရာမိုရ် ကိုယ်တိုင် ရေးသား ထားသည့် တေးသီချင်းများလည်း ပါဝင်မည် ဖြစ်သည်။

ထို တေးအယ်ဘမ်တွင် Band Violins & Cellos ၊ Trumpet ၊ Traditional Instruments အပြင် ဓီရာမိုရ်၏  Ethnic Instrument (နာဂ ဝါးတူရိယာ) တီးခတ်မှုများ ပါဝင်မည် ဖြစ်ကာ ကလေး စကားပြော အဖြစ် မိမိဓီရာ တို့က ပါဝင် ထားသည်။

တေးရေး ၊ တေးဆို အကယ်ဒီ ဓီရာမိုရ်သည် ၂၀၀၀ ခုနှစ်တွင် ပထမဆုံး တေးအယ်ဘမ် အဖြစ် ‘ဂစ်တာရှိလား ‘ ထွက်ရှိ ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ‘ကျွန်တော်နဲ့ဂီတ ‘ အခွေ ထွက်ရှိခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ‘လမင်းဖမ်းပွဲ ‘ တစ်ကိုယ်တော် အခွေ ထွက်ရှိ ခဲ့သည်။

ဓီရာမိုရ်သည သရုပ်ဆောင် နေတိုးနှင့် နန္ဒာလှိုင်တို့ ပါဝင် သရုပ်ဆောင် ထားသည့် ‘ဇော်ကကနေသည်’ ရုပ်ရှင် ဇာတ် ကား၏ နောက်ခံ တေးဂီတ တီးခတ်ပေးမှု အတွက် တေးဂီတ အကယ်ဒမီ ထူးချွန်ဆု ကို ရရှိ ထားသူ ဖြစ်သည်။

မြစ်အိုကြီး တေးအယ်ဘမ်ကို စက်တင်ဘာလ ၁ရက်တွင် www.myanmarmusicstore.com ၌ ရောင်းချမည် ဖြစ်ပြီး Audio CD အဖြစ် Excellent Creation မှ ဒီဇင်ဘာလတွင် စတင် ဖြန့်ချိမည် ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly