မန္တလေး နိုဝင်ဘာ၂၄ ။ ။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ် ၅ မြို့နယ်အတွင်းရှိ ကုန်ဂိတ်များနှင့် ခရီးသည်တင်ကားဂိတ်များကို နိုဝင်ဘာ ၂၄ ရက်၊နံနက်ပိုု်င်းမှ စတင်ကာ စစ်ဆေးမှုများဆောင်ရွက်လျှက်ရှိသည်။
စစ်ဆေးပြီးနောက် သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိသည့်ဂိတ်များကို အရေးယူသွားမည်ဟု ပူးပေါင်းအဖွဲ့တွင်ပါဝင်သည့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊အခွန်ဌာနမှ ဌာနစုမှူး ဦးအောင်ဇော်ထက်က မဇ္ဈိမကိုပြောသည်။
အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နှှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ကို တစ်ချိန်တည်းစစ်ဆေးမှုများ ဆောင်ရွက်နေခြင်းဖြစ်သည်။
"စနစ်တကျ ကားဂိတ်တွေဖွင့်ဖို့လုပ်ထားပေမယ့် တစ်ချို့ဂိတ်တွေ၊ယာဉ်အသင်းတွေက စည်းကမ်း မလိုက်နာတာတွေ တွေ့ရတယ်။ စည်းကမ်းလိုက်နာဖို့နဲ့ ခရီးသည်တွေကို အတင်းအကျပ်ငွေတောင်းခံတာတွေ မဖြစ်ရအောင် စစ်ဆေးမှုတွလုပ်တာပါ"ဟု ဦးအောင်ဇော်ထက်ကပြောသည်။
တရားမဝင်ဂိတ်များနှင့် စည်းကမ်းမလိုက်နာသည့် ဂိတ်များကို စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး)နှင့် ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီတို့က အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။